The network connection is lost.

Banner Image

ပိုစတီကိုဂလူကို ရာထူးမှထုတ်ပယ်ခြင်းအတွက် စိတ်ပိုင်းဆိုင်ရာအရ အခက်တွေ့ခဲ့တယ်လို့ ဆိုလိုက်တဲ့ လီဗိုင်း

တော့တင်ဟမ်အသင်းဥက္ကဋ္ဌ လီဗိုင်းက ပိုတီကိုဂလူကို ရာထူးမှထုတ်ပယ်မယ့် ဆုံးဖြတ်ချက်အတွက် စိတ်ပိုင်းဆိုင်ရာအရ အခက်အခဲဖြစ်ခဲ့တယ်လို့ ထုတ်ဖော်လာပါတယ်။ အသက်-၅၉ နှစ်အရွယ်နည်းပြက ပြီးခဲ့တဲ့လ၊ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ မန်ချက်စတာယူနိုက်တက်ကို အနိုင်ယူပြီး ၁၇ နှစ်တာကာလအတွင်း တော့တင်ဟမ်အတွက် ပထမဆုံးဆုဖလားရရှိအောင် လမ်းညွှန်ပေးခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် တော့တင်ဟမ်တို့ လာမယ့်ဘောလုံးရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ပါ ရရှိခဲ့ပေမယ့် ပိုစတီကိုဂလူရဲ့ရာထူးကိုတော့ မကယ်တင်ပေးနိုင်ခဲ့ပါဘူး။

ကလပ်အသင်းဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် လီဗိုင်းက “ ပိုစတီကိုဂလူကို ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်။ ပိုစတီကိုဂလူကို ရာထူးခန့်အပ်ခဲ့ခြင်းအတွက် ကျွန်တော် နောင်တမရပါဘူး။ သူ့ရဲ့ပွဲဦးထွက်ဘောလုံးရာသီမှာ ကျွန်တော်တို့ အမှတ်ပေးဇယားပဉ္စမနေရာရရှိခဲ့သလို ဒုတိယရာသီမှာလည်း ဆုဖလားတစ်လုံးနဲ့အတူ လကမ္ဘာအထိ ခရီးထွက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ပြိုင်ပွဲစုံယှဉ်ပြိုင်နိုင်စွမ်းရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့်ပဲ အပြောင်းအလဲတစ်ခုလုပ်သွားဖို့ လိုအပ်နေပြီလို့ ကျွန်တော်တို့ ယုံကြည်ခဲ့ပါတယ်။

ကျွန်တော်နဲ့ ပိုစတီကိုဂလူကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ရပ်ရှိထားပြီး သူ့ကိုလည်း ကျွန်တော်တို့အသင်းသမိုင်းတလျှောက် အစိတ်အပိုင်းတစ်ခုအဖြစ် အမြဲတမ်းရှိသွားလိမ့်မယ်ဆိုတာကို ပြောပြခဲ့ပါတယ်။ ပိုစတီကိုဂလူနဲ့ သူ့ရဲ့မိသားစုကို အမြဲတမ်းနွေးနွေးထွေးထွေးနဲ့ ကြိုဆိုသွားပါမယ်။
ဒါက ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်မဟုတ်ဘဲ ဘုတ်အဖွဲ့ဝင်အားလုံးအတူတကွစုပေါင်းပါဝင်တဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါတယ်။ အရာရာတိုင်းကို ကျွန်တော်တို့ဘုတ်အဖွဲ့ဝင်အားလုံး အတူတကွလုပ်ကိုင်ကြပါတယ်။ ဒီဆုံးဖြတ်ချက်အတွက် စိတ်ပိုင်းဆိုင်ရာအရ အခက်တွေ့ခဲ့ပေမယ့် အသင်းအတွက် မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခု ချမှတ်နိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ်”လို့ ပြောပါတယ်။

ပိုစတီကိုဂလူရဲ့တော့တင်ဟမ်က ဆုဖလားလက်မဲ့ကျိန်စာကို ဖြေရှင်းပေးနိုင်ခဲ့ပေမယ့် တဖက်မှာလည်း တန်းမဆင်းရတဲ့ကလပ်အသင်းတစ်ခုအတွက် အဆိုးဝါးဆုံးပရီးမီးယားလိဂ်စံချိန်အဖြစ် ၂၂ ပွဲအထိ ရှုံးနိမ့်ကာ အမှတ်ပေးဇယားအဆင့်-၁၇ နေရာနဲ့ ရာသီပိတ်သိမ်းခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာတော့ တော့တင်ဟမ်က နည်းပြသစ်အဖြစ် ဘရန့်ဖို့ဒ်ပဲ့ကိုင်ရှင်ဟောင်း သောမတ်စ်ဖရန့်ခ်ကို ခန့်အပ်လိုက်ပြီလို့ တရားဝင်ကြေညာခဲ့ပါတယ်။