
လီဗိုင်းထွက်ခွာသွားမှုကို ဘယ်သူမှမမျှော်လင့်ထားခဲ့ဘူးလို့ ဆိုလိုက်တဲ့ သောမတ်စ်ဖရန့်ခ်
တော့တင်ဟမ်နည်းပြသောမတ်စ်ဖရန့်ခ်က အသင်းဥက္ကဋ္ဌလီဗိုင်း ရုတ်တရက်ထွက်ခွာသွားမှုအပေါ် အံ့အားသင့်မိတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။ ရာစုနှစ်တစ်ခုရဲ့လေးပုံတစ်ပုံနီးပါး ရာထူးတာဝန်ကို ထမ်းဆောင်ခဲ့တဲ့ လီဗိုင်းကို အသင်းမှနုတ်ထွက်ဖို့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း တော့တင်ဟမ်အသင်းပိုင်ရှင် လီဝစ်မိသားစုက တောင်းဆိုခဲ့ပါတယ်။
လီဗိုင်းထွက်ခွာမှုက အင်္ဂလန်ထိပ်တန်းလိဂ်ရဲ့ ကလပ်အသင်းတစ်ခုမှာ ကာလရှည်ကြာတာဝန်ယူခဲ့တဲ့ သူ့ရဲ့အခန်းကဏ္ဍကို ပိတ်သိမ်းမှု ဖြစ်လာခဲ့ပါတယ်။ လီဗိုင်းရဲ့ဦးဆောင်မှုအောက်မှာ တော့တင်ဟမ်က လွန်ခဲ့တဲ့ဆယ်စုနှစ်,နှစ်ခုတာကာလအတွင်း ဥရောပအဆင့်ပြိုင်ပွဲတွေကို ၁၈ ကြိမ်အထိ ပါဝင်ယှဉ်ပြိုင်ခဲ့ကာ ကမ္ဘာလုံးဆိုင်ရာအသိအမှတ်ပြုခံရတဲ့ ဘောလုံးအဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ ကလပ်အသင်းက ကမ္ဘာ့အဆင့်မီဘောလုံးကွင်းကြီးတစ်ခု၊ ခေတ်မီဆန်းသစ်တဲ့လေ့ကျင့်ရေးစင်တာ၊ ထိပ်တန်းကြယ်ပွင့်တွေကို ဆက်လက်မွေးထုတ်ပေးနိုင်တဲ့ ဘောလုံးအကယ်ဒမီတစ်ခုအပါအဝင် အခြေခံအဆောက်အအုံပိုင်းမှာ အကြီးအကျယ်ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ဒါ့အပြင် တော့တင်ဟမ်က မန်ချက်စတာယူနိုက်တက်ကို ကျော်ဖြတ်ကာ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ၊ ယူရိုပါလိဂ်ချန်ပီယံဆုဖလားရယူပြီး ၁၇ နှစ်ကြာဖလားလက်မဲ့ဘဝကို အဆုံးသတ်နိုင်ခဲ့ပါတယ်။
ကလပ်အသင်းကို ခေတ်မီတိုးတက်အောင်လုပ်ဆောင်နိုင်ရေးအတွက် လီဗိုင်းရဲ့အခန်းကဏ္ဍနဲ့ပတ်သက်လို့ သောမတ်စ်ဖရန့်ခ်က “ လီဗိုင်းရဲ့ထွက်ခွာမှုကို ဘယ်သူမှမမျှော်လင့်ထားခဲ့ဘူးလို့ပဲ ကျွန်တော် ပြောပါရစေ။ ဒါပေမဲ့ ဆုံးဖြတ်ချက်တစ်ခုလည်း ထွက်ပေါ်လာပြီဖြစ်လို့ ကျွန်တော်တို့အတွက် ရှေ့ဆက်သွားဖို့ပဲ ကျန်ပါတော့တယ်။ လီဗိုင်းက ကြီးမားတဲ့ဂုဏ်ပြုမှုတွေနဲ့ ထိုက်တန်သူပါ။ သူက ဒီကလပ်အသင်းမှာ ၂၄ နှစ်ကြာရှိနေခဲ့ပြီး ဒါက ပရီးမီးယားလိဂ်သမိုင်းတလျှောက် သက်တမ်းအရှည်ဆုံးအသင်းဥက္ကဋ္ဌတစ်ဦးအဖြစ် မှတ်တမ်းဝင်စေပါတယ်။
သူ တည်ဆောက်ပေးခဲ့တဲ့အရာတွေ၊ အောင်မြင်မှုတွေမှာ ကြီးမားတဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်မှုတွေအပြင် အံ့အားသင့်လောက်စရာလေ့ကျင့်ရေးစင်တာနဲ့ ဘောလုံးကွင်းတို့က အနာဂတ်အတွက် ခိုင်မာတဲ့အုတ်မြစ်တစ်ခုချမှတ်ပေးခြင်းဖြစ်လို့ မဖြစ်မနေအသိအမှတ်ပြုပေးရမယ့် အရာနှစ်ခုပါပဲ”လို့ ပြောပါတယ်။
လီဗိုင်းလက်အောက် သုံးလမျှသာ တာဝန်ထမ်းဆောင်ခဲ့ပေမဲ့ သောမတ်စ်ဖရန့်ခ်က သူ့ကိုတာဝန်ပေးအပ်ခဲ့မှုအတွက် အသင်းမှထွက်ခွာသွားတဲ့ ဥက္ကဋ္ဌကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။ သောမတ်စ်ဖရန့်ခ်က “ ဟုတ်ပါတယ်၊ ကျွန်တော်နဲ့လီဗိုင်းတို့ စကားပြောခဲ့ဖူးပါတယ်။ အမှန်ပါပဲ၊ လီဗိုင်းကို ပြီးခဲ့တဲ့သုံးလလောက်တုန်းကမှ စတင်သိကျွမ်းခဲ့တာပါ။ သူနဲ့အတူ အချိန်ကာလတစ်ခု ဖြတ်သန်းဖူးပေမဲ့ သုံးလလောက်ပဲ ကြာမြင့်ပါတယ်။ ကျွန်တော့်ကို ဒီရာထူးမှာ ခန့်အပ်ပေးရုံသာမက ပြတ်ပြတ်သားသား ပြောကြားခဲ့ဖူးတဲ့စကားတွေကြောင့် ကျေးဇူးတင်ပါတယ်”လို့ ပြောပါတယ်။ တော့တင်ဟမ်က အခုသီတင်းပတ်ကုန်မှာ လီဗိုင်းခေတ်လွန် ပထမဆုံးပွဲစဉ်အဖြစ် ဝက်စ်ဟမ်းနဲ့ ရင်ဆိုင်သွားရပါမယ်။