The network connection is lost.

Banner Image

VAR က ပွဲကိုဖျက်ခဲ့တယ်လို့ ဝေဖန်ပြောဆိုလိုက်တဲ့ ပိုစတီကိုဂလူ

တော့တင်ဟမ်နည်းပြ အန်ဂျီပိုစတီကိုဂလူက သောကြာနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးကို ၁-၀ နဲ့ရှုံးနိမ့်ခဲ့ပြီးနောက် VAR က ပွဲရဲ့ရလဒ်ကို ဖျက်ဆီးခဲ့တယ်လို့ ဝေဖန်ပြောဆိုလာခဲ့ပါတယ်။ ယခုပွဲစဉ်မှာ တော့တင်ဟမ်ဟာ ပွဲကစားချိန် ၆၉ မိနစ်မှာ ချေပဂိုးပြန်လည်ရရှိခဲ့ပေမယ့် ကွင်းလယ်ဒိုင် ခရေ့ပေါ်ဆန်က ပါပေးဆားဟာ ကစားကွက်တည်ဆောက်ချိန်မှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ သတ်မှတ်ခဲ့ပြီး ဂိုးကို ပယ်ဖျက်ကာ ချဲလ်ဆီးအတွက် ပြစ်ဒဏ်ဘောပေးဖို့သာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

 သို့သော်လည်း ကွင်းလယ်ဒိုင်အနေနဲ့ ဆုံးဖြတ်ချက်ချမှတ်ဖို့ အတော်လေးအချိန်ယူခဲ့ရလို့ ယခုပွဲစဉ်ရဲ့ နာကျင်အချိန်ပိုကို ၁၂ မိနစ်အထိ သတ်မှတ်ခဲ့ရပါတယ်။ ပွဲအပြီးမှာ ပိုစတီကိုဂလူက "VAR ကပွဲကို ဖျက်နေတာပါပဲ။ ဒီပွဲက ဖြစ်နေကျပုံစံအတိုင်း မဖြစ်ခဲ့ပါဘူး။ ဘာတွေဖြစ်လာမယ်ဆိုတာ ခန့်မှန်းလို့မရပါဘူး။ ဆုံးဖြတ်ချက်ချဖို့ကို အချိန်အကြာကြီးယူခဲ့ကြပါတယ်။ ဒါပေမယ့် လူတိုင်းက အဲဒီလိုအချိန်ကြာနေတာကို ဂရုစိုက်ကြတဲ့ပုံမပေါ်ပါဘူး။ ဘာလို့လဲဆိုတာ အဲဒီလို ဒရာမာတွေ၊ အငြင်းအခုန်တွေကို သူတို့ သဘောကျကြလို့ပါ။ ၂၄ နာရီလောက် အငြင်းအခုန်လုပ်နေရင်လည်း လူတွေက သဘောကျမှာပါပဲ။ ဒါပေမယ့် ဒါက ပွဲရဲ့အရသာကို ဖျက်ဆီးခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ယခုရှုံးပွဲကြောင့် တော့တင်ဟမ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာမှာသာ ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး ပရိသတ်ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရပြီလည်းဖြစ်ပါတယ်။ ဒါ့အပြင် ပိုစတီကိုဂလူရဲ့အသင်းဟာ ဒီရာသီကစားထားတဲ့ ပရီးမီးယားလိဂ်ပွဲ ၃၀ မှာ ၁၆ ပွဲအထိရှုံးနိမ့်ထားပါတယ်။ 

ဆက်လက်ပြီး ဩစတြေးလျသားနည်းပြက "ကျွန်တော့်အနေနဲ့ ပရိသတ်တွေကို ပျော်စေချင်ပါတယ်။ ကျွန်တော်တို့ ဂိုးသွင်းနိုင်ခဲ့ပေမယ့် ကံမကောင်းစွာပဲ ပယ်ဖျက်ခံခဲ့ရပါတယ်။ ပရိသတ်တွေ အောင်ပွဲမခံရတာ ကြာပြီမို့လို့ သူတို့ကို အောင်ပွဲခံစေချင်ပါတယ်။ ပရိသတ်တွေအနေနဲ့ ကျွန်တော်တို့ကို လှောင်ပြောင်မှုတွေ ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကတော့ သူတို့ကို ပျော်စေချင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ကွင်းလယ်လူ ဂျိမ်းစ်မက်ဒီဆင်ကလည်း "ပရိသတ်တွေ အသင်းကိုစိတ်ပျက်နေတာ ဖြစ်သင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း အခုထက်ပိုပြီး ကြိုးစားဖို့လိုအပ်ပါတယ်။ ဒီလိုခက်ခဲတဲ့ပွဲမျိုးမှာ ရလဒ်မကောင်းခဲ့ပေမယ့် ကျွန်တော်တို့ရဲ့ကြိုးစားအားထုတ်မှုကို ပြသနိုင်ခဲ့တယ်လို့ထင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။