The network connection is lost.

Banner Image

အယ်လ်ဟီလယ်ဆီ ဒါဝင်နူနက်ဇ် ပြောင်းရွှေ့သွားပြီလို့ အတည်ပြုကြေညာခဲ့တဲ့ လီဗာပူး

ဆော်ဒီပရိုလိဂ်ထိပ်သီးအယ်လ်ဟီလယ်ဆီ တိုက်စစ်ကြယ်ပွင့်ဒါဝင်နူနက်ဇ် ပြောင်းရွှေ့သွားပြီလို့ လီဗာပူးအသင်းက တရားဝင်ကြေညာခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာ ပြောင်းရွှေ့ကြေးပေါင် ၆၄ သန်းဖြင့် လီဗာပူးဆီ ရောက်ရှိလာခဲ့တဲ့နူနက်ဇ်က မာဆေးဆိုဒ်မှာ သုံးနှစ်ကြာဖြတ်သန်းခဲ့ပြီးနောက် အခုနွေရာသီအစောပိုင်းကာလကတည်းက အသင်းမှထွက်ခွာမယ်လို့ သတင်းကြီးနေခဲ့ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံတွေက ယမန်နေ့(စနေနေ့)မှာပဲ ကြယ်ပွင့်တိုက်စစ်မှူးထွက်ခွာမှုကို အတည်ပြုကြေညာခဲ့ပါတယ်။ လီဗာပူးအသင်းရဲ့တရားဝင်ထုတ်ပြန်ချက်မှာ “ ဒါဝင်နူနက်ဇ်ရဲ့ အယ်လ်ဟီလယ်ဆီပြောင်းရွှေ့မှု အပြီးသတ်နိုင်ခဲ့ပြီလို့ အတည်ပြုပါတယ်။ ကလပ်အသင်းမှာရှိနေသူတိုင်းက ဒါဝင်နူနက်ဇ်ရဲ့အကျိုးပြုပေးခဲ့မှုတွေအတွက် အထူးကျေးဇူးတင်ရှိနေပြီး သူနဲ့သူ့မိသားစုအတွက် အနာဂတ်မှာ အကောင်းဆုံးဖြစ်လာပါစေလို့ ဆုတောင်းပေးနေပါတယ်”လို့ ဖော်ပြပါရှိပါတယ်။

နူနက်ဇ်ရဲ့အန်ဖီးလ်သုံးနှစ်တာကာလက ၉၅ ပွဲပါဝင်ကစားရာမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၂၅ ဂိုးသာ ရရှိခဲ့လို့ စိတ်ပျက်စရာတစ်ခုအဖြစ် အဆုံးသတ်ခဲ့ပါတယ်။ နည်းပြအန်းစလော့လက်အောက် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာလည်း ဥရုဂွေးလက်ရွေးစင်ကစားသမားက ပရီးမီးယားလိဂ်ရှစ်ပွဲသာ ပါဝင်ကစားရပြီး ပွဲကစားချိန်ရရှိမှု လျော့နည်းသွားခဲ့ပါတယ်။

နူးနက်ဇ်ကြောင့် ရရှိလာမယ့် ဝင်ငွေတွေနဲ့အတူ ကြိုးကြာနီတွေက ဆွီဒင်တိုက်စစ်မှူးအီဆက်ခ်ကို ခေါ်ယူဖို့ အလားအလာကောင်းလာခဲ့ပါတယ်။ နယူးကာဆယ်နည်းပြဟိုဝီကလည်း ကလပ်အသင်းဘက်မှ အခုနွေရာသီကာလမှာ ကစားသမားကို ထွက်ခွာခွင့်ပေးနိုင်တယ်ဆိုတဲ့ အရိပ်အမြွက်ပြောဆိုခဲ့ပါတယ်။