
စည်းကမ်းပိုင်းဆိုင်ရာအကြောင်းပြချက်ဖြင့် တော့တင်ဟမ်ဟီးရိုးတစ်ဦးကို အသင်းမှထုတ်ပယ်ထားတယ်လို့ သောမတ်စ်ဖရန့်ခ်အတည်ပြု
သောမတ်စ်ဖရန့်ခ်က စည်းကမ်းပိုင်းဆိုင်ရာအကြောင်းပြချက်ကြောင့် ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရမယ့် တော့တင်ဟမ်အသင်းလူစာရင်းမှာ ဘစ်ဆူးမားကို ချန်လှပ်ထားခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ တော့တင်ဟမ်နည်းပြသစ်ဖရန့်ခ်က ထပ်ခါတလဲလဲဖြစ်ပေါ်နေတဲ့စည်းကမ်းပိုင်းဆိုင်ရာအားနည်းချက်ကြောင့် ဗုဒ္ဓဟူးညပိုင်း၊ ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရမယ့် ဥရောပစူပါဖလားဖိုင်နယ်ပွဲစဉ်အတွက် အသင်းလူစာရင်းမှ ဘစ်ဆူးမားကို ထုတ်ပယ်ထားခဲ့တယ်လို့ ဆိုပါတယ်။ မာလီလက်ရွေးစင်ကစားသမားက ပြီးခဲ့တဲ့ဘောလုံးရာသီ၊ တော့တင်ဟမ်အသင်းရဲ့ယူရိုပါလိဂ်ချန်ပီယံအောင်ပွဲမှာ အကောင်းဆုံးပုံစံနဲ့အတူ ပါဝင်အားဖြည့်ခဲ့သူဖြစ်ပေမယ့် ဘောလုံးရာသီအစောပိုင်း၊ နည်းပြပိုစတီကိုဂလူလက်အောက်မှာ ပုန်ကန်ထကြွမှုတစ်ခုအဖြစ် ရယ်မောစေတဲ့ဓါတ်ငွေ့တစ်ခုကို ရှုရှိုက်နေတဲ့ဗီဒီယိုတစ်ခုထွက်ပေါ်လာပြီးနောက် အသင်းမှ ယာယီထုတ်ပယ်ခံခဲ့ရပါတယ်။
အခုအချိန်မှာလည်း အူဒီးနိစ်မြို့မှာ ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရမယ့် တော့တင်ဟမ်အသင်းရဲ့ပွဲစဉ်မတိုင်ခင် ဖရန့်ခ်က ထပ်ခါတလဲလဲနောက်ကျနေခြင်းအတွက် ဘစ်ဆူးမားကို အသင်းလူစာရင်းမှ ဖယ်ရှားခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမားပယ်လင်ဟာ အငှားဖြင့်ရောက်ရှိလာမှုနဲ့အတူ အခုလိုအချိန်စီမံခန့်ခွဲမှု ဆိုင်ရာညံ့ဖျင်းမှုက အသက်-၂၈ နှစ်အရွယ်ကစားသမားအတွက် အမှန်တကယ် ထိခိုက်နစ်နာစေမယ့် အမှားတစ်ခု ဖြစ်လာနိုင်ပါတယ်။
ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း ဖရန့်ခ်က “ ဘစ်ဆူးမားဟာ အကြိမ်ပေါင်းများစွာ အချိန်နောက်ကျခဲ့ပါတယ်။ အခုနောက်ဆုံးတစ်ကြိမ်ကတော့ အတော်လေးများသွားပါပြီ။ အရာရာတိုင်းနဲ့အတူ ကိုယ့်ရဲ့ကစားသမားတွေကို ချစ်ခြင်းမေတ္တာတွေပေးသွားဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဒါပေမဲ့ နောက်ဆက်တွဲအကျိုးဆက်တွေလည်း ရှိထားရပါမယ်။ ဒီတစ်ကြိမ်မှာလည်း နောက်ဆက်တွဲအကျိုးဆက်တွေ ရှိလာခဲ့ပါပြီ။ ကျွန်တော့်အတွက်တော့ ဒါက နောက်ဆက်တွဲအကျိုးဆက်တစ်ခုသာဖြစ်ပြီး ဒီခရီးစဉ်အတွက် ဖြစ်လာခဲ့ပါတယ်။ အင်္ဂလန်ပြန်ရောက်ရင်လည်း ဒီကိစ္စကို ကျွန်တော် ထပ်ပြီးစုံစမ်းသွားပါဦးမယ်။ အခုတော့ အလွန်အရေးကြီးတဲ့ ပွဲစဉ်တစ်ခုရှိနေလို့ ဘစ်ဆူးမားကိစ္စကို ဘေးဖယ်ထားရပါလိမ့်မယ်”လို့ ပြောပါတယ်။
လတ်တလောအခြေအနေတွေကြောင့် ဘစ်ဆူးမားရဲ့တော့တင်ဟမ်ကစားသမားနေ့ရက်တွေက ကုန်ဆုံးသွားနိုင်ခြေ ရှိလာခဲ့ပါတယ်။ သူ့ကို ဥရောပအခြေစိုက်ကလပ်အသင်းတွေဖြစ်တဲ့ ဂျူဗင်တပ်စ်၊ မော်ရင်ဟိုရဲ့ဖီနာဘာချီအပါအဝင် ကလပ်အသင်းများစွာက ချိတ်ဆက်မှုတွေ ရှိထားခဲ့ပေမယ့် အပြောင်းအရွှေ့ကတော့ ချက်ချင်းမဖြစ်ပေါ်လာနိုင်ပါဘူး။ တော့တင်ဟမ်က ပီအက်ဂျီနဲ့ပွဲစဉ်အပြီး လာမယ့်စနေနေ့မှာ ဘန်လေနဲ့ရင်ဆိုင်ကစားကာ ပရီးမီးယားလိဂ်ဘောလုံးရာသီသစ်ကို စတင်သွားပါလိမ့်မယ်။