The network connection is lost.

အန်ဒရီအိုနာနာနဲ့ ပတ်သက်လို့ အမှန်တရား

အိုနာနာပြောတဲ့ သူ့ဘဝ၊ သူ့ဇာတ်ကြောင်း (အပိုင်း-၁)
===============================
လူတွေအများကြီးက ကျွန်တော်နဲ့ပတ်သက်လို့ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ သိတယ်လို့ ထင်နေကြတယ်။ ကျွန်တော့်အကြောင်းလည်း သိတယ်လို့ သူတို့ ထင်နေကြတယ်လေ။ ခေါင်းစီးပိုင်းသတင်းတွေကို သူတို့ ဖိတ်မိကြတယ်နဲ့တူပါတယ်။ ''အန်ဒရီအိုနာနာလား...သူက ဆေးသုံးလို့ ပွဲကစားခွင့် ၈လပိတ်ခံလိုက်ရတဲ့ဂိုးသမားလေ။ ဟုတ်တယ်မဟုတ်လား''။ ''သူက လူလိမ်''။ ''သူက ဆေးသမား'' ဒီလိုပြောနေကြသူတွေလည်း အများကြီးပါပဲ။

အားကစားဆိုင်ရာအထူးခုံရုံး (CAS)ကနေ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်က ကျွန်တော့်နာမည်ကို အမည်းစက်စွန်းစေခဲ့ပါတယ်။ အိုနာနာကတော့ ဆေးသုံးလို့ ပွဲပယ်ခံလိုက်ရပြီ။ ကိုယ့်မိသားစုကို ဒီလိုသတင်းမျိုး ဘယ်လိုအသိပေးရမလဲ။ ကိုယ့်ကလေးတွေကိုရောပေါ့ဗျာ။ ဒါက မလွယ်ခဲ့ပါဘူး။ ဒါပေမဲ့ နားထောင်ပါဦး...ဖြေရှင်းချက်ရှိနေပါတယ်ဗျာ။ တကယ်လို့ အဲဒီဖြေရှင်းချက် နားထောင်ချင်ရင်တော့ ထိုင်ခုံလေးယူပြီး ကျွန်တော့်နား လာထိုင်လိုက်ပါ။ အမှန်တရားကို ကြားချင်နေသူတွေကိုပေါ့။

၂၀၂၁ ဖေဖော်ဝါရီလရဲ့တစ်ရက်မှာ ကျွန်တော်ဟာ အရာအားလုံးကို ဆုံးရှုံးသွားရပါတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်ဟာ လက်ရွေးစင်တာဝန်နဲ့အတူ ကင်မရွန်းနိုင်ငံမှာရှိနေခဲ့တာဖြစ်ပြီး အေဂျက်စ်အသင်းဆရာဝန်က ကျွန်တော့်ဆီ ဖုန်းဆက်လာပါတယ်။ ကျွန်တော် furosemide(ဖြူရိုဆီမိုက်) ဆေးသုံးထားတယ်ဆိုပြီး အကြောင်းကြားလာပါတယ်။ ''ဘယ်လိုတွေတောင်မှလဲဗျာ။ လာနောက်နေတာလား''။ ကျွန်တော်လည်း သူ့ကို ''ဒေါက်တာရေ...သေချာတာကတော့ ခင်ဗျားဘက်က မှားနေပြီဗျ။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဗျာ။ ကျွန်တော ခဏခဏ ဆေးအစစ်ခံဖူးတယ်။ တစ်ခါမှလည်း ပြဿနာမတက်ခဲ့ဖူးပါဘူး''ဆိုပြီး အကြောင်းပြန်ပါတယ်။

ကျွန်တော် အရက်မသောက်၊ ဆေးလိပ်မသောက်တာ ကျွန်တော်နဲ့သိတဲ့လူတိုင်း သိကြပါတယ်။ မူးယစ်ဆေးဆိုလည်း တစ်ခါမှ မသုံးဖူးပါဘူး။ ဖြူရိုဆီမိုက်ဆေးကို ကြားတောင်မကြားဖူးဗျာ။ ကျွန်တော့်ကိုယ်ခန္ဓာထဲ ထိုးတဲ့ဆေးမှန်သမျှက ကလပ်အသင်းနဲ့ လက်ရွေးစင်အသင်းဆရာဝန်တွေ ညွှန်ကြားထားတွေချည်းပဲ။ တားမြစ်ဆေးသုံးစွဲတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဗျာ။ အေဂျက်အသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးပြီးနောက် ကျွန်တော့်ကောင်မလေး မယ်လာနီကို ဖုန်းခေါ်လိုက်ပါတယ်။ အဲဒီအကြောင်းကို ကျွန်တော် ရယ်ရယ်မောမောနဲ့ပဲ သူ့ကို ပြောဖြစ်ခဲ့တာဗျ။ ဒါက အမှားပဲလို့ ကျွန်တော့်ဘက်က သေချာပေါက်တွက်ထားခဲ့တာလေ။

အဲဒီမှာ ကောင်မလေးက ''အန်ဒရီရေ...ဖြူရိုဆီမိုက်ဆေးလား...အဲဒီကိုယ်ဝန်ဆောင်အားဆေးက ကျွန်မ သောက်ဖို့ ဆရာဝန်က ပေးထားတာလေ''လို့ ပြောပါတယ်။ အဲဒီစကားက ကျွန်တော့်ကို ဖြတ်ရိုက်လိုက်သလိုပါပဲ။ ဒါက အမှားလို့ဝန်ခံရမယ့်အရာမဟုတ်ပါဘူး။ ကျွန်တော် ကင်မရွန်းကနေ ပြန်ရောက်လာတော့ ကလပ်အသင်းဆရာဝန်က အိမ်ရောက်လာပြီး အိမ်မှာရှိတဲ့အရာတွေကို လိုက်စစ်တော့တာပါပဲ။ အဲဒီမှာ သူက အတည်ပြုနိုင်ခဲ့တာပါ။ ကျွန်တော်က ခေါင်းကိုက်ပျောက်ဆေး သောက်ခဲ့တာဖြစ်ပြီး အဲဒီဆေးတွေကို ဆေးတွေရောထားတဲ့ ဘောက်စ်ထဲကနေ ယူခဲ့တာပါ။ အဲဒီမှာ ကျွန်တော်ဟာ ဆရာဝန်က မယ်လာနီသောက်ဖို့ ပေးထားတဲ့ ဆေးတွေ သောက်မိခဲ့တာပါ။

သေစမ်းဗျာ။ ဆေးကလည်း ၄၀ မီလီဂရမ်လေးပဲ သောက်မိခဲ့တာပါ။ ကျွန်တော်လည်း လုံးဝကို ရှော့ခ်ရသွားပါတယ်။ အဲဒီအထိ ယူအီးအက်ဖ်အေက လူသားတွေ ကျူးလွန်မိလေ့ရှိတဲ့အမှားလို့ ထင်နေတုန်းဗျ။ သူတို့က အဲဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးပြီး ကျွန်တော်ကလည်း ဖြစ်ကြောင်းကုန်စင် ပြောပြတာပေါ့။ သူတို့မေးတဲ့အထဲမှာ အများဆုံးကတော့ ''ခင်ဗျား ဘာလို့ အိမ်မှာ ဒီဆေး ဝယ်ထားတာလဲ''ဆိုတဲ့မေးခွန်းပါပဲ။ ဒါကလည်း ကျွန်တော့်အတွက် ဖြေဖို့ အလွယ်လေးပါ။ ''ကျွန်တော့်လက်တွဲဖော်က ကိုယ်ဝန်လွယ်ထားရတယ်လေ။ သူသောက်ဖို့ ဝယ်ထားတဲ့ဆေးတွေပါ''လို့ ပြန်ဖြေပါတယ်။ ဒါက မိုက်ရူးရဲဆန်တဲ့အကြောင်းပြချက်မဟုတ်ပါဘူးဗျာ။

ကျွန်တော် ဘာတစ်ခုကိုမှ မလိမ်၊ မညာခဲ့ပါဘူး။ သက်သေအားလုံးလည်း ထင်ထင်ရှားရှားရှိခဲ့တာပဲလေ။ ဒါက ဆိုးရွားလွန်းတဲ့အမှားလေးတစ်ခုပါပဲ။ အဲဒီနောက် ကျွန်တော့်စိတ်ထဲမှာ သူတို့က ''အေး အေး။ ဖြစ်တာတွေလည်း ဖြစ်သွားပြီပဲ။ နောက်တစ်ခါ ပိုဂရုစိုက်ပေါ့ကွာ''ဆိုပြီး အေးဆေးဖြစ်သွားလိမ့်မယ်လို့ထင်ခဲ့ပါတယ်။ ဘောလုံးလောကစကားနဲ့ ပြောရရင် သူတို့က ကျွန်တော့်ကို အဝါကတ်ပြ သတိပေးလောက်မယ်ပဲ ထင်ခဲ့တာပေါ့။ ဒါပေမဲ့ အဲဒီလိုမဟုတ်ဘူးကိုယ့်လူရေ...သူတို့က ကျွန်တော့်ကို တိုက်ရိုက်အနီကတ်ပြလိုက်တာဗျ။ ဘောလုံးလောကကနေ ၁၂လကြာ ပိတ်လိုက်တယ်ဗျာ။ လုံးဝကို ဘောလုံးမကစားရဘူးတဲ့ဗျာ။ နယ်သာလန်ပြည်တွင်းအမှတ်ပေးပြိုင်ပွဲ၊ ပြည်တွင်းဖလားပြိုင်ပွဲ၊ ယူရိုပါလိဂ်၊ ချန်ပီယံလိဂ်နဲ့ နောက်ဆုံး အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကအစ ဝင်ကစားလို့ကိုမရတော့တာဗျာ။

ကစားသမားတစ်ယောက်ကို တစ်နှစ်ပိတ်လိုက်တာက သူ့အတွက်တော့ ၁၀နှစ်လောက်ကြာတယ်ထင်မှာပါ။ ဘောလုံးလောကမှာ ကိုယ်လိုချင်တဲ့အောင်မြင်မှုရယူဖို့ အချိန်ကန့်သတ်ချက်တစ်ခုတော့ရှိပါတယ်။ ကိုယ်က အဲဒီအောင်မြင်မှုရဖို့ အလုပ်ကြိုးစားရတယ်။ ကျွန်တော်လည်း ကိုယ့်ရဲ့အိပ်မက်တွေနောက် အပြေးလိုက်ရင်း အလုပ်တွေ အရမ်းကြိုးစားခဲ့ပါတယ်။ အိပ်မက်တွေနောက်လိုက်ရင်း စွန့်လွှတ်ခဲ့ရတာတွေလည်းရှိပါတယ်။ အသက် ၁၀ နှစ်အရွယ်မှာပဲ အီတူးရဲ့ဘောလုံးအကယ်ဒမီမှာ ကစားခွင့်ရဖို့အတွက် အိမ်ကနေ ၄ နာရီလောက်သွားရတဲ့နေရာကို ပြောင်းရွှေ့နေုထိုင်ခဲ့ရပါတယ်။ အဲဒီမှာ ဒီယယ်လိုလို့ခေါ်တဲ့ နည်းပြတစ်ဦးနဲ့ အတူနေထိုင်ခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ဒီယယ်လိုနဲ့ အကယ်ဒမီတာဝန်ရှိသူတွေက ကျွန်တော့်ကို သူတို့ဆီ လိုက်နေဖို့ အဖေ့ကို ဘယ်လိုများနားချလိုက်လဲမသိပါဘူးဗျာ။ အဖေက သူကိုယ်တိုင် ဘောလုံးသမားဖြစ်ခဲ့ပေမယ့် ကျွန်တော့်ကိုတော့ စာပဲ ကြိုးစားစေချင်ခဲ့တာပါ။ ကျောင်းသွားဖို့ အမြဲပြောတတ်ပြီး ဘောလုံးအားကစားနည်းက သိပ်မသေချာဘူးလို့လည်း ပြောပါတယ်။ ''မင်း ဒဏ်ရာရသွားရင် ဘယ်လိုလုပ်မလဲ။ တကယ်လို့ လူစာရင်းမှာ မပါရင် ဘယ်လိုလုပ်မလဲ။ မဖြစ်ပါဘူးကွာ။ မလုပ်ပါနဲ့''လို့လည်း အမြဲပြောတတ်ပါတယ်။ အီတူးကိုယ်တိုင်များ ကျွန်တော့်အဖေဆီ ဖုန်းဆက်ပြီး စည်းရုံးလိုက်တာလားမသိဘူး။