The network connection is lost.

Banner Image

ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို ထိန်းသိမ်းရင်း ချန်ပီယံလိဂ်အောင်ပွဲကိုပါ ရယူဖို့ ရည်မှန်းထားတဲ့ ဂတ်ပို

ကိုဒီဂတ်ပိုက ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအတွက် အရှိန်အဟုန်မြှင့်ပြင်ဆင်နေတဲ့ လီဗာပူးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ထိန်းသိမ်းကာ ချန်ပီယံလိဂ်အောင်မြင်မှုကို နောက်ဆက်တွဲအဖြစ်ရယူသွားဖို့ ရည်မှန်းချက်ရှိနေပါတယ်။ နည်းပြသစ်အန်းစလော့လက်အောက် ကြိုးကြာနီတွေရဲ့ပြန်လည်ရှင်သန်လာမှုမှာ အဓိကကစားသမားတစ်ဦးဖြစ်လာတဲ့ ဒတ်ချ်တိုက်စစ်မှူးက ပြီးခဲ့တဲ့ဘောလုံးရာသီအောင်မြင်မှု ကို ဆက်လက်တည်ဆောက်သွားဖို့အပြင် ဥရောပအဆင့်အောင်ပွဲကိုလည်း ဆွတ်ခူးနိုင်ဖို့အတွက် စိတ်အားထက်သန်နေပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၁၈ ဂိုးသွင်း၊ ဂိုးဖန်တီးမှုခြောက်ကြိမ်ပြုလုပ်ခဲ့တဲ့ ဂတ်ပိုက အန်းစလော့ရဲ့ တက်ကြွလှတဲ့ကစားဟန်အတွက် အဓိကကျတဲ့အစိတ်အပိုင်းအတစ်ရပ်အဖြစ် မိမိကိုယ်ကိုယ် တည်ဆောက်ထားနိုင်ခဲ့ပါတယ်။ သူ့ရဲ့ဂိုးပါဝင်ပတ်သက်မှု(၂၄ ကြိမ်)က လီဗာပူးအသင်းမှာ မိုဆာလက်(၅၇ ကြိမ်)ပြီးရင် ဒုတိယအကောင်းဆုံးမှတ်တမ်းလည်း ဖြစ်ပါတယ်။ ဒါက ပြိုင်ဘက်ဂိုးပေါက်ရှေ့ ဂတ်ပိုရဲ့တိုက်စစ်စွမ်းဆောင်ရည်ပိုင်းတည်ငြိမ်မှု ကိုသာမက ပြန်လည်အသက်ဝင်လာတဲ့ လီဗာပူးအသင်းမှာ တိုက်စစ်မှူးရဲ့သြဇာကြီးထွားလာမှုကိုလည်း မီးမောင်းထိုးပြသပေးနေပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ပြည်တွင်းမှာ အမြင့်ဆုံးအောင်ပွဲကို ရယူနိုင်ခဲ့ပေမယ့် လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ်ခရီးလမ်းကတော့ ၁၆ သင်းရှုံးထွက်အဆင့်မှာပဲ စိတ်ပျက်ဖွယ်ရပ်တန့်သွားခဲ့ပါတယ်။ သူတို့တွေက ပြိုင်ပွဲမှာချန်ပီယံဖြစ်လာမယ့် ပီအက်စ်ဂျီကို နှစ်ကျော့ပေါင်းရလဒ်သရေ၊ ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အရေးနိမ့်ပြီး ထွက်ခွာခဲ့ရပါတယ်။ ဂတ်ပိုကတော့ ဒီလိုထွက်ခွာလာရမှုကို အသင်းရဲ့အထင်ကြီးလောက်စရာဘောလုံးရာသီမှာ ပေါ်ပေါက်လာတဲ့ ခါးသီးမှုတစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။ 

သူက “ အဲ့ဒီအချိန်တုန်းကတော့ ကျွန်တော်တို့အားလုံး ဂုဏ်ယူခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ကျွန်တော်တို့တွေ လုပ်ပြခဲ့တဲ့အရာတွေ ရှိနေတုန်းပါပဲ။ ဒါပေမဲ့ ဒီလိုပုံစံမျိုးကို ထပ်ခါတလဲလဲလုပ်ပြချင်တဲ့စိတ်ဆန္ဒတွေလည်း ကျန်ရစ်နေခဲ့ပါတယ်။ ချန်ပီယံလိဂ်ထွက်ခွာရမှု ကိုတော့ အနည်းငယ်စိတ်ပျက်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အတွက် နောက်ထပ်ထူးခြားမှုအချို့လုပ်ပြနိုင်မယ့်အခွင့်အလမ်း ရှိနေခဲ့လို့ဖြစ်ပါတယ်”လို့ ပြောပါတယ်။

၂၀၂၅-၂၀၂၆ ဘောလုံးရာသီအတွက် လီဗာပူးအသင်းရဲ့ပြင်ဆင်မှုတွေက အခုသီတင်းပတ်ကုန်၊ ခရစ္စတယ်ပဲလေ့စ်နဲ့ရင်ဆိုင်ရမယ့် အင်္ဂလန်ဘောလုံးလောကရဲ့ရိုးရာပြိုင်ပွဲဖြစ်တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ နောက်ထပ်ခြေလှမ်းသစ်တစ်ခုကို ချမှတ်သွားရပါလိမ့်မယ်။ ဒီပွဲစဉ်မှာ လတ်တလောပုံစံကောင်းပြသနေတဲ့ ဂတ်ပိုကိုလည်း အဓိကစောင့်ကြည့်သွားရမယ့် ကစားသမားတွေအနက် တစ်ဦးအဖြစ် ထည့်သွင်းထားရပါလိမ့်မယ်။ သူက အခုသီတင်းပတ်အစောပိုင်းမှာကစားခဲ့တဲ့ ဘီလ်ဘာအိုနဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာ အသင်းအတွက် နှစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။