ဒီလစ်ဂျ်ကို စိတ်ဝင်စားနေတယ်ဆိုတဲ့အကြောင်း အတည်ပြုလာတဲ့ တန်ဟက်
ယူနိုက်တက်နည်းပြ တန်ဟက်က မိမိအနေနဲ့ တပည့်ဖြစ်သူဟောင်း ဒီလစ်ဂျ်ကို စိတ်ဝင်စားနေတယ်လို့ အတည်ပြုလိုက်ပါတယ်။
ဘိုင်ယန်နောက်ခံလူကလည်း ဆရာဖြစ်သူနဲ့အတူ ယူနိုက်တက်မှာ ပြန်လည်ပေါင်းဆုံချင်နေပေမယ့် ဆွေးနွေးမှုတွေ မရှိသေးတာဖြစ်ပါတယ်။
လိုင်လီနောက်ခံလူ ယိုရိုကိုခေါ်ယူခဲ့ပြီးနောက် တန်ဟက်က နယ်သာလန်သားအခြေအနေကို အခုလိုမျိုးပြောကြားခဲ့ပါတယ်။
“ဒီလစ်ဂျ်အခြေအနေက ဆက်ရှိနေပါတယ်။ သူ့ကိုစိတ်ဝင်စားတယ်ဆိုတာ ကျွန်တော်အတည်ပြုပါတယ်။ မငြင်းဆန်ချင်ပါဘူး။ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက သူ့ကိုခေါ်ယူချင်ခဲ့တာပါ။
အဲ့အချိန်တုန်းက သူက ဘိုင်ယန်ကိုပြောင်းရွှေ့သွားခဲ့ပါတယ်။ ကျွန်တော်တို့ပစ်မှတ်တွေထဲမှာ သူ့နာမည်ပါဝင်လားဆိုတာ မသိရသေးပါဘူး”လို့ တန်ဟက်က ပြောကြားခဲ့ပါတယ်။
ယိုရိုတစ်ယောက် ယူနိုက်တက်ကိုပြောင်းရွှေ့လာခဲ့ပြီဖြစ်တာကြောင့် ယူနိုက်တက်က နောက်ခံလူတစ်ဦးဆက်ခေါ်ယူမလားဆိုတာ မသိရသေးတာဖြစ်ပါတယ်။
ဗာရာနီထွက်ခွာသွားမှုနဲ့အတူ ယူနိုက်တက်ဟာ ဘရိတ်ဝိတ် နဲ့ ဒီလစ်ဂျ်တို့ကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့တာဖြစ်ပါတယ်။
ယိုရိုရောက်လာခဲ့ပြီဖြစ်တာကြောင့် ဒီလစ်ဂျ်အပြောင်းအရွှေ့အခြေအနေကို မသိရသေးပဲ တန်ဟက်ရဲ့ယူနိုက်တက်ဟာ လာမယ့်စနေနေ့မှာ ရိန်းဂျားစ်အသင်းနဲ့ခြေစမ်းပွဲကန်မှာဖြစ်ပါတယ်။
အဲ့နောက် တစ်ပတ်အကြာမှာ အာဆင်နယ်နဲ့ကန်မှာဖြစ်ပြီး ဇူလိုင်လ ၃၁ ရက်နေ့မှာတော့ ဘက်စ်တစ်အသင်းနဲ့ကန်ရမှာဖြစ်ပါတယ်။