နစ္စတယ်ရွိုင်းကို ခေါ်ယူလိုက်တဲ့အကြောင်းအရင်းကို ရှင်းပြလိုက်တဲ့ တန်ဟက်
ယူနိုက်တက်နည်းပြ တန်ဟက်က အသင်းရဲ့နည်းပြအဖွဲ့ဝင်ထဲကို နစ္စတယ်ရွိုင်းအား ခေါ်ယူလိုက်ရတဲ့အကြောင်းအရင်းကို ရှင်းပြလိုက်ပါတယ်။
နစ္စတယ်ရွိုင်းအပြင် ဟာကီတို့ဟာ တန်ဟက်ရဲ့နည်းပြအဖွဲ့ဝင်ထဲကို ပူးပေါင်းလာခဲ့ပြီဖြစ်ပါတယ်။ နစ္စတယ်ရွိုင်းအတွက်တော့ ၂၀၀၆ နောက်ပိုင်း အသင်းကနေ ထွက်ခွာပြီးနောက် ပထမဆုံးအကြိမ်ယူနိုက်တက်ကိုပြန်လာခဲ့တာဖြစ်ပါတယ်။
တန်ဟက်က နစ္စတယ်ရွိုင်းပြန်လာခဲ့တာက အသင်းရဲ့မူလအအရင်းအမြစ်ကို သယ်ဆောင်လာလိမ့်မယ်လို့ ထောက်ပြခဲ့ပါတယ်။
ယူနိုက်တက်ဟာ နစ္စတယ်ရွိုင်းအပြင် ဟာကီ နဲ့ ဂိုးနည်းပြ ဂျီလီတန်တို့ကိုပါ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ တန်ဟက်က လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး “ခင်ဗျားအနေနဲ့ ပိုကောင်းချင်တယ်ဆိုရင် အသင်းကို အဆင့်မြှင့်တင်နေဖို့ လိုအပ်ပါတယ်။ မှန်ပါတယ်။ ကျွန်တော်တို့ နည်းပြအဖွဲ့ဝင်တွေ အပြောင်းအလဲလုပ်ခဲ့ပါတယ်။
မစ်ချယ်ဆိုရင် အကောင်းဆုံးလုပ်ခဲ့ပေမယ့် သူကနည်းပြဖြစ်ချင်တာကြောင့် အသင်းကနေ ထွက်ခွာခဲ့ရပါတယ်။ အဲ့တာကြောင့် ကျွန်တော်အရည်အချင်းကိုကြည့်ခဲ့ရပါတယ်။ ဒါက ပရီးမီးယားလိဂ်ပါ။ ခင်ဗျားအနေနဲ့ အသင်းဆီကို ထိပ်တန်းအဆင့်နည်းပြအဖွဲ့ဝင်တွေ ၊ ဝန်ထမ်းတွေမခေါ်ယူဘူးဆိုရင် ပြဿနာရှိနိုင်ပါတယ်။
အင်္ဂလိပ်ရဲ့ထိပ်တန်းစီမံခန့်ခွဲမှုတွေမှာ နည်းပြတွေရဲ့ဘေးမှာ အခြားထိပ်တန်းနိုင်ငံတကာနည်းပြအဖွဲ့ဝင်တွေရှိနေပါတယ်။ အချို့လူတွေဆိုရင် သူတို့ယုံကြည်ရတဲ့သူတွေကို ခေါ်ယူထားတာပါ။
လီဗာပူးဆိုရင်လည်း ကလော့ပ်လက်အောက်မှာ နဲ့ အခု စလော့လက်အောက်မှာလည်း အတူတူပါပဲ။ အခြားအသင်းတွေဖြစ်တဲ့ မန်စီးတီး ၊ အာဆင်နယ် ၊ တော့တင်ဟမ်တွေမှာဆိုရင် စပိန် ၊ ဂျာမန် ၊ နယ်သာလန် နဲ့ သြစတြေးလျလူမျိုးတွေအစုံရှိပါတယ်။
ကျွန်တော် ကောင်းနိုင်တဲ့လူတွေကို စတင်ကြည့်ရှုပါတယ်။ သစ္စာရှိမှုက အရေးကြီးပါတယ်။ နစ္စတယ်ရွိုင်းက တကယ့်အံ့ဖွယ်ဖြစ်သလို ယူနိုက်တက်ဒီအန်အေရှိတဲ့သူပါ။ ဗြိတိန်ထဲမှာဆိုရင် ဖလက်ချာရှိပါတယ်။
ရီနီ နဲ့ မစ်ချယ်တို့က အတူတူပါပဲ။ ဂျီလီတန်ဆိုရင်လည်း နယ်သာလန်သား ၃ ဦးကို လေ့ကျင့်ပေးဖူးပါတယ်။ အသင်းရဲ့ဂိုးသမားတွေကို မော်ဒန်ဂိုးသမားဖြစ်အောင် လေ့ကျင့်ပေးရာမှာ သူက ထိပ်တန်းနည်းပြတစ်ဦးပါ"”လို့ တန်ဟက်က ပြောကြားခဲ့ပါတယ်။
တန်ဟက်အတွက် အခုလာမယ့်ရာသီသစ်က စိန်ခေါ်မှုကြီးမားနိုင်ပြီး ယခင်ရာသီတုန်းကတော့ အဆင့် ၈ နဲ့သာ ရာသီသိမ်းနိုင်ခဲ့ပါတယ်။
ဒါပေမယ့်လည်း အက်ဖ်အေဖလားမှာတော့ မန်စီးတီးကိုအနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့တာကြောင့် နည်းပြနေရာမှာ ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။