ထိပ်တိုက်ဆွေးနွေးမှုတွေအကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ တန်ဟက်
ယူနိုက်တက်နည်းပြ တန်ဟက်က သူ့နေရာမှာ အစားထိုးနိုင်ချေရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပြီးနောက် ဆာဂျင်မီနဲ့ ထိပ်တိုက်ဆွေးနွေးခဲ့ရတဲ့အကြောင်းကို ထုတ်ဖော်ပြောကြားလာပါတယ်။
ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ရာသီတစ်လျှောက် အဆိုးဝါးဆုံးရပ်တည်မှုအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပြီး အက်ဖ်အေဖလားမှာတော့ မန်စီးတီးကိုအနိုင်ရပြီး ဆုဖလားအောင်မြင်မှု ရယူနိုင်ခဲ့ပါတယ်။ ဆိုးဝါးတဲ့ရာသီဖြစ်ခဲ့ပေမယ့်လည်း ယူနိုက်တက်တာဝန်ရှိသူတွေက တန်ဟက်ကို နောက်တစ်ရာသီထပ်မံအချိန်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အမှန်တကယ်မှာလည်း ဆာဂျင်မီ နဲ့ ဘုတ်အဖွဲ့ဝင်တွေကြားမှာ တန်ဟက်နေရာအတွက် အစားထိုးဖို့ တူချယ်အပါအဝင် တော်တော်များများနဲ့ဆွေးနွေးခဲ့ကြသေးတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း INEOS အမှုဆောင်ဟာ တန်ဟက်နဲ့ဆွေးနွေးပြီးနောက် ဆက်လက်ခန့်အပ်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
“သူတို့ဘာမှမပြောပါဘူး။ ကျွန်တော်တို့ ဆက်သွားချင်ခဲ့ပါတယ်။ ဆွေးနွေးမှုထဲမှာ သူတို့အတိုချုံးလေးပေးခဲ့ပါတယ်။ ကျွန်တော်တို့ အရာအားလုံးကြည့်ရှုခဲ့ပြီး ဆွေးနွေးမှုတွေလုပ်ခဲ့ပါတယ်။ အဲ့နောက် ကျွန်တော်က အချက်အလက်တော်တော်များများချပြခဲ့ပြီး တစ်ဦးနဲ့တစ်ဦး ရိုးသားစွာဆွေးနွေးခဲ့ကြပါတယ်။ အားလုံးက အဆင်ပြေပြေဖြစ်ခဲ့ပြီး ကျွန်တော်တို့ ရှေ့ဆက်နိုင်ခဲ့ပါတယ်”လို့ တန်ဟက်က ပြောကြားခဲ့ပါတယ်။
တန်ဟက်တစ်ယောက် ဆက်ရှိနေပြီးနောက် ယူနိုက်တက်တာဝန်ရှိသူတွေဟာ နည်းပြအဖွဲ့ဝင်နဲ့ စီနီယာအသင်းလူစာရင်းကို တိုးတက်အောင် လုပ်ဆောင်ခဲ့ပါတယ်။ တန်ဟက်ရဲ့နည်းပြအဖွဲ့ဝင်ထဲမှာ နစ္စတယ်ရွိုင်းနဲ့ ဟာကီတို့ကို ထည့်သွင်းခဲ့သလို လက်ရှိအပြောင်းအရွှေ့မှာ ဇီကာဇီနဲ့ ယိုရိုတို့ကို ခေါ်ယူထားခဲ့ပါတယ်။ ဒါ့အပြင် အသင်းရဲ့ကွင်းလယ်ပိုင်းအတွက် ပီအက်စ်ဂျီစတား ယူဂါတီကို ခေါ်ယူဖို့လည်း ချိတ်ဆက်နေပါတယ်။