မိုင်နူးမှာ အတွေ့အကြုံမရှိသော်လည်း စိတ်မပူဘူးလို့ ပြောကြားလိုက်တဲ့ ဆောက်ဂိတ်
အင်္ဂလန်လက်ရွေးစင်နည်းပြ ဂါရတ်ဆောက်ဂိတ်က ယခုမှ အသင်းအတွက် စတင်ရွေးချယ်ခဲ့တဲ့ ယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ကိုဘီမိုင်နူးအနေနဲ့ အတွေ့အကြုံမရှိသေးသော်လည်း ခြေစွမ်းပြနိုင်မယ်လို့ ယုံကြည်ကြောင်းနဲ့ စိတ်ပူစရာမရှိကြောင်း ပြောကြားလာခဲ့ပါတယ်။
အသက်-၁၉ နှစ်အရွယ် ကစားသမားဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး မကြာသေးမီက မန်စီးတီးကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်မှာလည်း အသင်းအတွက် သွင်းဂိုး ၁ ဂိုး ရယူပေးနိုင်ခဲ့ပါတယ်။ ယခုအခါမှာတော့ ဆောက်ဂိတ်က လူငယ်ကွင်းလယ်ကစားသမားကို လာမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အသင်းအတွက် အသုံးပြုခွင့်ရတဲ့အတွက် ဝမ်းသာမိကြောင်းနဲ့ မိုင်နူးဟာ ယူနိုက်တက်ဟာ ရင့်ကျက်တဲ့ခြေစွမ်းမျိုးပြသထားနိုင်တာကြောင့် အတွေ့အကြုံမရှိလည်း စိတ်မပူကြောင်းပြောကြားလာခဲ့ပါတယ်။
ဆောက်ဂိတ်က “မိုင်နူးလို လူငယ်ကစားသမားတွေအတွက် စိတ်ပူတာက ဖိအားတွေအောက်မှာ ဘယ်လောက်အထိတောင့်ခံနိုင်မလဲဆိုတာပါပဲ။ သူ့ရဲ့ နည်းစနစ်ပိုင်းစွမ်းရည်နဲ့ နည်းဗျူဟာကျကျလှုပ်ရှားနိုင်တာကို မြင်တွေ့ရပြီးဖြစ်သလို ဘယ်လောက်အထိ ရင့်ကျက်ကြောင်းနဲ့ ပွဲကြီးတွေကို ဘယ်လိုရင်ဆိုင်နိုင်သလဲဆိုတာလည်း အားလုံးမြင်တွေ့ရပြီးပါပြီ။ ယူနိုက်တက်ဆိုတာ ဖိအားတွေအောက်မှာ အမြဲတမ်း ရောက်နေတာပါ။ ဒါပေမယ့် သူကတော့ ဒါတွေကိုလည်း ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။ ယူနိုက်တက်နဲ့အတူ မတ်လမှာ သူသက်သေပြခဲ့ပြီးပါပြီ။ ကျွန်တော်တို့အနေနဲ့ လူငယ်ကစားသမားတွေကို ခေါ်ယူဖို့အတွက် ဘယ်တုန်းကမှ မကြောက်ရွံ့ခဲ့ဖူးပါဘူး။ သူတို့သာ တကယ်ကောင်းမယ်ဆို အသက်အရွယ်ကို ထည့်မတွက်ပါဘူး။ မိုင်နူးက ယူနိုက်တက်နဲ့အတူ မယုံနိုင်စရာရာသီတစ်ခုကို ကျော်ဖြတ်နိုင်ခဲ့ပြီး ဂိုး ၁ ဂိုး၊ ဆုဖလား ၁ လုံးနဲ့ ဘယ်လောက်အထိ လုပ်နိုင်စွမ်းရှိကြောင်း ပြသထားနိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်နဲ့အတူ ပထမဆုံးအကြိမ် ဆုဖလား ဆွတ်ခူးနိုင်ခဲ့ပြီးနောက် အင်္ဂလန်အသင်းအတွက် ရွေးချယ်ခံထားရတဲ့ မိုင်နူးဟာ ယခုအခါမှာတော့ လက်ရွေးစင် အသင်းနဲ့အတူ တတိယမြောက်ပွဲစဉ်ကို ပွဲထွက်နိုင်ဖို့ပြင်ဆင်နေပြီး ယူရို ၂၀၂၄ ပြိုင်ပွဲမတိုင်မီ ခြေစမ်းပွဲစဉ်တွေ အဖြစ် ဘော့စနီးယား၊ ဟာဇီဂိုဗီးနားတို့နဲ့ ပွဲစဉ်တွေမှာ ပါဝင်သွားမှာဖြစ်ပါတယ်။