The network connection is lost.

Banner Image

ယူရို ၂၀၂၄ ချန်ပီယံဖြစ်မယ့်အသင်းကို ဟောကိန်းထုတ်လိုက်တဲ့ စူပါကွန်ပျူတာ

ယူရို ၂၀၂၄ ပြိုင်ပွဲကတော့ အုပ်စုအဆင့်တွေပြီးဆုံးလို့ ရှုံးထွက်အဆင့်ကို တက်ရောက်လာခဲ့ပြီဖြစ်ပါတယ်။ အဆိုပါရှုံးထွက်အဆင့်ကို ဟန်ဂေရီ ၊ စကော့တလန် ၊ ခရိုအေးရှား ၊ အယ်လ်ဘေးနီးယား ၊ ယူကရိန်းနဲ့ ပိုလန်တို့က လွဲချော်ခဲ့ပါတယ်။ နောက်တစ်ဆင့်ကို နာမည်ကြီးအသင်းတော်တော်များများတက်ရောက်နိုင်ခဲ့ပြီး ၃ ပွဲစလုံးစွမ်းဆောင်ရည်ကျဆင်းခဲ့တဲ့ အင်္ဂလန်အသင်းကလည်း အုပ်စုဗိုလ်နဲ့တက်ရောက်နိုင်ခဲ့ပါတယ်။

ဒိန်းမတ်နဲ့ ဆလိုဗေးနီးယားတို့လည်း အင်္ဂလန်အုပ်စုကနေ နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့ပြီး အခြားတစ်ဖက်မှာ သြစတြီးယား ၊ ပြင်သစ် နဲ့ နယ်သာလန်တို့ တက်ရောက်နိုင်ခဲ့ပါတယ်။ ရိုးမေးနီးယား ၊ ဘယ်လ်ဂျီယံနဲ့ ဆလိုဗက်ကီးယားတို့လည်း နောက်တစ်ဆင့်တက်နိုင်ခဲ့ပြီး အခြားတစ်ဖက်မှာ ပေါ်တူဂီ ၊ တူရကီ နဲ့ ဂျော်ဂျီယာတို့ တက်ရောက်နိုင်ခဲ့ပါတယ်။

ပထမဆုံးရှုံးထွက်ပွဲအဖြစ် အီတလီက ဆွစ်ဇာလန်နဲ့ ကန်ရမှာဖြစ်ပြီး ဂျာမနီက စနေနေ့မှာ ကန်ရမှာဖြစ်ပါတယ်။ နာဂယ်စမန်းရဲ့အသင်းကတော့ ဒိန်းမတ်အသင်းနဲ့တွေ့ဆုံနေပါတယ်။ အင်္ဂလန်က ၁၆ သင်းအဆင့်ပြိုင်ပွဲမှာ ဆလိုဗက်ကီးယားနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး စပိန်က ဂျော်ဂျီယာအသင်းနဲ့ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

နောက်ဆုံး ၂ ပွဲကတော့ ရိုမေးနီးယားအသင်းက နယ်သာလန်နဲ့ကန်ရမှာဖြစ်ပြီး သြစတြီးယားက တူရကီနဲ့ကန်ရမှာဖြစ်ပါတယ်။ ယူရိုမှာရုန်းကန်နေရပေမယ့် အင်္ဂလန်ဟာ စူပါကွန်ပျူတာခန့်မှန်းတဲ့ ယူရိုချန်ပီယံဖြစ်ရေးမှာ ရေပန်းစားနေဆဲဖြစ်ပါတယ်။

အင်္ဂလန်ဟာ အခုပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ၁၉.၉၈% အထိရှိနေတာဖြစ်ပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ ၈၁.၆၃% အထိ ရှိနေပါတယ်။ အင်္ဂလန်ရဲ့နောက်မှာ စပိန်အသင်းက ၁၇.၁၇% နဲ့ရပ်တည်နေပြီး အဲ့နောက် ဂျာမနီက ၁၅.၈၃% ၊ ပြင်သစ်က ၁၃.၄၀% နဲ့ အသီးသီးရပ်တည်နေပါတယ်။

“အင်္ဂလန်က ပွဲမကန်ခင် စူပါကွန်ပျူတာခန့်မှန်းတဲ့နေရာမှာ ထိပ်ဆုံးက ပြေးနေပါတယ်။ ပြီးခဲ့တဲ့ ၃ ပွဲမှာ စွမ်းဆောင်ရည်ကျဆင်းခဲ့ပေမယ့် အင်္ဂလန်က ရေပန်းအစားဆုံး ဖြစ်နေဆဲပါ။  ပြီးခဲ့တဲ့ညက အုပ်စုအဆင့်တွေအပြီးမှာ စူပါကွန်ပျူတာက နောက်တစ်ကြိမ်ခန့်မှန်းခဲ့ပါတယ်။ အဲ့ခန့်မှန်းချက်မှာ ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းက ဗိုလ်စွဲဖို့ ၂၀% ရေပန်းစားနေပါတယ်။ အင်္ဂလန်အသင်းဟာ ရှုံးထွက်အဆင့်မှာ ကျရောက်တဲ့အသင်းကြောင့် အခုလိုမျိုးရေပန်းစားနေတာပါ။ အခြားထိပ်တန်းအသင်းတွေက အချင်းချင်းတွေ့ဆုံဖို့များနေပြီး အင်္ဂလန်က ပြင်သစ် ၊ ဘယ်လ်ဂျီယံ ၊ ပေါ်တူဂီ ၊ စပိန် ၊ ဂျာမနီတို့ကို ဖိုင်နယ်မတိုင်ခင် ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ အင်္ဂလန်အနေနဲ့ နောက်တစ်ဆင့်တွေမှာ နယ်သာလန် ၊ အီတလီတို့နဲ့သာ တွေ့ဆုံနိုင်ချေရှိနေပါတယ်။ ဒီလိုအခြေအနေကြောင့် အင်္ဂလန်က ဗိုလ်စွဲဖို့ ရေပန်းစားနေတာပါ”လို့ အော်ပတာက ဆိုပါတယ်။

အင်္ဂလန်ဟာ မဲခွဲမှုမှာ အလေးသာခဲ့ပေမယ့် ဂန္ထဝင်ဟောင်း အလန်ရှီးယားက အခုလိုမျိုးသတိပေးခဲ့ပါတယ်။ “အင်္ဂလန်အသင်းရဲ့အခွင့်အရေးဖန်တီးနိုင်မှုအပိုင်းမှာက တကယ်အချက်အလက်တွေကောင်းနေပါတယ်။ တက်သစ်စလူငယ်တွေရဲ့ အရည်အချင်းကြောင့် အခုလိုမျိုးရေပန်းစားနေတာပါ။ သူတို့သေချာလေးလုပ်ဆောင်ဖို့ လိုအပ်သလို တိုးတက်လာဖို့လည်း လိုအပ်ပါတယ်။ အုပ်စုအဆင့်မှာ ပထမနေရာရလိုက်တာက အားသာချက်ဖြစ်သွားခဲ့ပါတယ်။ ပစ်ဖို့ဒ်ဆိုရင် ကာကွယ်မှုအများကြီးမလုပ်ရသေးပါဘူး။ ခံစစ်က ပြဿနာမဟုတ်ဘူးလို့ ကျွန်တော်ထင်ပါတယ်”လို့ အလန်ရှီးယားက ပြောကြားခဲ့ပါတယ်။