
ဂျော်ဒီအယ်လ်ဘာရဲ့ အံ့အားသင့်ဖွယ်ကစားသမားဘဝအနားယူမှုကို မှတ်ချက်ပေးပြောကြားလာတဲ့ မက်ဆီ
ဂျော်ဒီအယ်လ်ဘာရဲ့ အံ့အားသင့်ဖွယ်ကစားသမားဘဝအနားယူမှုအပြီး မက်ဆီက စပိန်သားနဲ့ တွဲဖက်ကစားဖို့ မဖြစ်နိုင်တော့တဲ့ အနာဂတ်ကို ကြမ်းတမ်းလွန်းတယ်လို့ ဖွင့်ဟပြောဆိုရင်း ကာလရှည်အသင်းဖော်ဆီ စိတ်လှုပ်ရှားစရာသတင်းစကားတစ်ခု ပေးပို့ခဲ့ပါတယ်။
အသက်-၃၆ နှစ်အရွယ်အယ်လ်ဘာက ၂၀၂၇ ခုနှစ်အထိသက်တမ်းရှိမယ့် စာချုပ်သစ်တစ်ရပ်ကို မေလအတွင်း အင်တာမီယာမီနဲ့ ချုပ်ဆိုထားပေမဲ့ ၂၀၂၅ ခုနှစ်၊ မေဂျာလိဂ်ဘောလုံးရာသီဆုံးခန်းတိုင်ချိန်မှာ ကစားသမားဘ၀ အနားယူသွားဖို့ စီစဉ်ထားတယ်လို့ အင်္ဂါနေ့မှာပဲ အံ့အားသင့်ဖွယ် ကြေညာခဲ့ပါတယ်။ ဒီအချိန်မှာပဲ အယ်လ်ဘာရဲ့ ကာလရှည်အသင်းဖော်တစ်ဦးဖြစ်တဲ့ မက်ဆီက စိတ်ခံစားချက်အပြည့်ဖြင့် မှတ်ချက်တစ်ခုပေးဖို့ အလျှင်အမြန်ထွက်ပေါ်လာခဲ့ပါတယ်။
Instagram လူမှုကွန်ရက်မှတဆင့် မက်ဆီက “ ကျေးဇူးတင်ပါတယ် ဂျော်ဒီအယ်လ်ဘာ။ ခင်ဗျားကိုတော့ အရမ်းလွမ်းမိနေပါလိမ့်မယ်။ ကျွန်တော့်ရဲ့ဘယ်ဘက်ခြမ်းကိုလှည့်ကြည့်လိုက်ချိန် ခင်ဗျားကို မတွေ့ရဘူးဆိုရင် ကျွန်တော့်အတွက်လည်း အရမ်းထူးဆန်းနေပါလိမ့်မယ်။ ဒီနှစ်တွေအတွင်း ခင်ဗျားကိုယ်တိုင် ကျွန်တော့်အတွက် ဂိုးဖန်တီးပေးမှုတွေ ဘယ်လောက်အထိ လုပ်ပေးခဲ့သလဲ? တကယ့်ကို ရူးလောက်စရာပါ။ အခုတော့ ဒီလိုဖန်တီးမှုတွေကို ဘယ်သူလုပ်ပေးမှာလဲ???”လို့ မှတ်ချက်ပေးဖော်ပြခဲ့ပါတယ်။
မက်ဆီနဲ့ အယ်လ်ဘာတို့က ၂၀၁၂-၂၀၁၃ ဘောလုံးရာသီမှာ ပထမဆုံးအကြိမ် အတူတွဲဖက်ကစားခဲ့ပါတယ်။ စပိန်အသင်းနဲ့အတူ ယူရိုချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့တဲ့ ဘယ်နောက်ခံလူက ဘာစီလိုနာဆီ ပြောင်းရွှေ့လာခဲ့ပြီးနောက် စံထားလောက်စရာကွင်းတွင်းဆက်ဆံရေးတစ်ရပ် ပေါ်ထွက်လာခဲ့ပါတယ်။ ဒီကစားသမားနှစ်ဦးက လာလီဂါချန်ပီယံဆုငါးကြိမ်၊ ကိုပါဒယ်လ်ရေးဖလားငါးကြိမ်၊ စပိန်စူပါဖလားသုံးကြိမ်၊ ၂၀၁၄-၂၀၁၅ ချန်ပီယံလိဂ်ဆုဖလားနဲ့ ၂၀၁၅ ဖီဖာကမ္ဘာ့ကလပ်ချန်ပီယံဆုဖလားတို့ကို အတူတကွ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
၂၀၂၃ ခုနှစ်၊ အင်တာမီယာမီအတွက် ပြန်လည်တွဲဖက်ကစားချိန်မှာလည်း သူတို့နှစ်ဦးက ၂၀၂၃ ခုနှစ်လိဂ်ဖလားနဲ့ ၂၀၂၄ ခုနှစ် Supporters’ Shield တို့ကို ဆွတ်ခူးခဲ့ပါတယ်။ အလားတူ အခုဘောလုံးရာသီကုန်ဆုံးချိန်မှာ ဘတ်စ်ကွတ်လည်းအနားယူသွားဖွယ်ရှိလို့ မက်ဆီရဲ့အထင်ကရကစားသမားဘဝအတွက် အခန်းကဏ္ဍသစ်တစ်ခုကို ၂၀၂၆ ခုနှစ်မှာ စတင်သွားပါလိမ့်မယ်။