The network connection is lost.

Banner Image

ရာသီသစ်မှာ ဆုဖလားဆာလောင်မှုတွေနဲ့အတူ မန်စီးတီးပြန်လာပြီလို့ ကြွေးကြော်လိုက်တဲ့ ဂျွန်စတုန်းစ်

စိတ်ပျက်ဖွယ် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအပြီး ဆုဖလားတွေအတွက် ယှဉ်ပြိုင်နိုင်ဖို့ သစ်လွင်လန်းဆန်းလှတဲ့ စိတ်ခွန်အားပေးမှုတွေနဲ့အတူ မန်စီးတီးအသင်းပြန်လာပြီလို့ ဂျွန်စတုန်းစ်က ပြောကြားခဲ့ပါတယ်။ ယမန်နှစ်ဘောလုံးရာသီမှာ သူတို့တွေက ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်၊ အက်ဖ်အေဖလားဗိုလ်လုပွဲနဲ့ ကွန်မြူနတီဒိုင်းတို့ကို ရရှိခဲ့ပေမယ့် ဒါဟာ အသင်းရဲ့ပုံမှန်စံနှုန်းတွေအောက် ရောက်ရှိလွန်းနေတယ်လို့ ဗဟိုနောက်ခံလူက ဖွင့်ဟလာခဲ့ပါတယ်။

ဒါ့အပြင် ဂျွန်စတုန်းစ်က ပြီးခဲ့တဲ့ဘောလုံးရာသီဆုတ်ယုတ်မှုတွေကြောင့် လာမယ့်ရာသီသစ်၊ အင်္ဂလန်နဲ့ ဥရောပအဆင့်အောင်မြင်မှုတွေအတွက် ယှဉ်ပြိုင်သွားဖို့ ဆာလောင်နေတဲ့ အသင်းလူစာရင်းအပေါ် ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုတစ်ခု ရှိလာခဲ့ပြီးပြီလို့ ယုံကြည်နေပါတယ်။

ဂျွန်စတုန်းစ်က “ အောင်မြင်မှုတွေအားလုံးရရှိခဲ့ပြီးနောက် ဒါက ကျွန်တော်တို့အတွက် နှိမ့်ကျလွန်းလှပြီး လွန်ခဲ့တဲ့နှစ်တွေအတွင်း ကျွန်တော်တို့ လုပ်ပြခဲ့တဲ့အရာတွေ၊ ရရှိခဲ့တဲ့ အောင်မြင်မှုတွေ၊ ဂုဏ်ယူသင့်တဲ့အရာတွေကိုလည်း သိသာထင်ရှားစေပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ကျွန်တော်တို့လုပ်ခဲ့တဲ့အရာတွေက စိတ်ပျက်စရာကောင်းလွန်းပါတယ်။ ဒါက ကျွန်တော်တို့လုပ်ပြချင်တဲ့အရာ မဟုတ်ပါဘူး။

ကျွန်တော်တို့ရဲ့စံနှုန်းအရ အာဆင်နယ်ရဲ့နောက်၊ သုံးလေးမှတ်အကွာ အမှတ်ပေးဇယားတတိယနေရာရရှိမှုဆိုတာ မကောင်းမွန်လှပါဘူး။ ဒါက ရာသီတလျှောက်လုံး ကျွန်တော်တို့ ဘယ်လိုကစားခဲ့သလဲဆိုတာကို ပြသပေးနေပါတယ်။ ကျွန်တော်တို့တွေ ဒီလိုပုံစံမျိုးကို အတိတ်မှာထားရစ်ပြီး ကိုယ့်ရဲ့ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့အတူ နိုင်ပွဲတွေရယူကာ အကောင်းဆုံးပြန်လာနိုင်ဖို့ လိုအပ်ပါတယ်။ ဒီအတွက် အသင်းတစ်ခုအဖြစ် မိမိကိုယ်ကိုယ် ယုံကြည်မှုရှိနေရပါမယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ဆုတ်ယုတ်မှုတွေကြောင့် ကျွန်တော်တို့တွေ ပြန်လာနိုင်မယ်ဆိုတာ သေချာပါတယ်။ အောင်မြင်မှုတွေရယူလိုတဲ့ ဆာလောင်စိတ်တွေနဲ့အတူ ကျွန်တော်တို့တွေ ပြန်လာနိုင်ခဲ့ပြီဆိုတာတော့ အာမခံပါတယ်”လို့ ဆိုပါတယ်။ ပက်ဂွါဒီယိုလာရဲ့အသင်းက အခုသီတင်းပတ်ကုန်ပိုင်းမှာ ပါလာမိုအသင်းနဲ့ ရာသီကြိုခြေစမ်းပွဲစဉ် ယှဉ်ပြိုင်ကစားသွားပါမယ်။