လက်ရှိတော့တင်ဟမ်ရဲ့အခြေအနေက ကပ်ဘေးဆိုက်သလိုဖြစ်နေကြောင်း ရိုမဲရိုး ဝန်ခံ
တော့တင်ဟမ်အသင်းခေါင်းဆောင် ခရစ်ရှင်ရိုမဲရိုးက ဝက်စ်ဟမ်းကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ အသင်းဟာ အဘက်ဘက်ကနေ ချွတ်ခြုံကျနေပြီး ကပ်ဘေးဆိုက်သလို ဖြစ်နေကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။နည်းပြသောမတ်စ်ဖရန့်ခ်ဦးဆောင်မှုအောက်မှာ ရလဒ်ဆိုးတွေတောက်လျှောက်ကြုံတွေ့နေရတာကြောင့် ဖိအားများနေတဲ့တော့တင်ဟမ်ဟာ စနေနေ့က ဝက်စ်ဟမ်းကို အိမ်ကွင်းမှာဧည့်ခံကစားခဲ့ရာ ၁-၂ ဆိုတဲ့ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
ပွဲအပြီးမှာ ရိုမဲရိုးက "အခုလိုချိန်မှာကျွန်တော်တို့ စည်းစည်းလုံးလုံးရှိဖို့နဲ့ ကြိုးစားအားထုတ်မှုတွေပြသနိုင်ဖို့လိုအပ်ပါတယ်။ မနက်ဖြန်ကျရင်လည်း လေ့ကျင့်ကွင်းကို ပြန်သွားကြရမှာပါ။ လက်ရှိအသင်းရဲ့အခြေအနေက ကပ်ဘေးတစ်ခုလိုဖြစ်နေပါတယ်"
"ကျွန်တော်တို့နဲ့အတူအမြဲရှိပေးခဲ့တဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ မနက်ဖြန်လေ့ကျင့်ရေးကွင်းမှာ ကြိုးစားပြီး နောက်ပွဲအတွက် အကောင်းဆုံးပြင်ဆင်သွားပါမယ်။ ကြားရက်ပွဲစဉ်က ကျွန်တော်တို့အတွက် အရမ်းအရေးကြီးတဲ့ပွဲတစ်ပွဲပါ"
"ကျွန်တော်တို့ ဒီကပ်ဘေးကနေ ကျော်ဖြတ်နိုင်ဖို့ကြိုးစားရပါမယ်။ တချို့အချိန်တွေမှာ အသင်းက ကောင်းကာင်းကစားနိုင်ခဲ့ပေမယ့် တစ်ခါတလေမှာလည်း ဆိုးရွားတဲ့ကစားပုံတွေရှိခဲ့ပါတယ်။ ကျွန်တော်တို့ ကြိုးစားပြီးအစကနေ ပြန်စရပါမယ်။ ကွင်းထဲမှာအကောင်းဆုံးပုံစံမရခဲ့လို့ ကျွန်တော်တို့အတွက် ခက်ခဲတဲ့အချိန်ကို ကြုံတွေ့နေရတာပါ" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အသင်းအနေနဲ့ နိုင်ပွဲတွေပြန်ရမယ်လို့ယုံကြည်ကြောင်းကို အာဂျင်တီးနားလက်ရွေးစင်က "ကျွန်တော်တို့ ချန်ပီယံလိဂ်မှာ ထိပ်ဆုံး ၈ သင်းစာရင်းဝင်ပြီး နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ဖို့ အခွင့်အရေးကြီးတစ်ခုကျန်ပါသေးတယ်။ ဒါက အရေးကြီးဆုံးပါပဲ။ ကစားပုံကောင်းပြီး ပွဲကိုရှုံးနိမ့်တာမျိုးထပ်မဖြစ်ဖို့ အာရုံစိုက်သွားပါမယ်။ အခုတော့ ကျွန်တော်တို့ စည်းစည်းလုံးလုံးနဲ့ ရှေ့ဆက်သွားရပါမယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။