ဂျာမန်ဂန္တဝင်ကွင်းလယ်လူနဲ့ ပတ်သက်လို့ သဘောထားတစ်ရပ်ထုတ်ပြန်လာတဲ့ စပိန်တိုက်စစ်မှူး ဟိုဆေးလူ
လာမယ့်သောကြာနေ့၊ စပိန်အသင်းနဲ့ ဂျာမနီအသင်းတို့ ရင်ဆိုင်ကစားရချိန် ရီးရဲလ်မက်ဒရစ်အသင်းဖော်ဟောင်း တိုနီခရူးစ်ရဲ့ကစားသမားဘဝကို အဆုံးသတ်ပေးသွားဖို့ မျှော်လင့်မိတယ်လို့ စပိန်တိုက်စစ်မှူးဟိုဆေးလူက မီဒီယာတွေနဲ့တွေ့ဆုံချိန် ထုတ်ပြောလိုက်ပါတယ်။
တိုနီခရူးစ်က အခုယူရိုပြိုင်ပွဲကြီးကို သူ့ရဲ့ကစားသမားဘ၀ နောက်ဆုံးပြိုင်ပွဲအဖြစ် ပါဝင်ယှဉ်ပြိုင်နေပါတယ်။ ဒါကြောင့် ပြိုင်ပွဲမှထွက်ခွာရမယ်ဆိုရင် ဂျာမန်ဂန္တဝင်ကြီးရဲ့ကစားသမားဘဝလမ်းဆုံးတစ်ခုဆီ ရောက်ရှိသွားပါလိမ့်မယ်။
ဟိုဆေးလူက “ဒီပွဲစဉ်ဟာ တိုနီခရူးစ်ရဲ့နောက်ဆုံးပွဲစဉ်ဖြစ်လာဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ သူရှိနေတာကြောင့် ဒီပွဲစဉ်က ထူးရှယ်မဟုတ်တဲ့ ပွဲစဉ်တစ်ခုဖြစ်လာပါတယ်။ အသင်းကောင်းတစ်ခုနဲ့ ရင်ဆိုင်ရမယ့် ကွာတားဖိုင်နယ်ပွဲစဉ်တစ်ခုပါ။ လာမယ့်သောကြာနေ့မှာ တိုနီခရူးစ်ရဲ့ကစားသမားဘ၀ အငြိမ်းစားယူသွားဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ သူက ကျွန်တော့်အတွက် သူငယ်ချင်းတစ်ဦး ဖြစ်ခဲ့ဖူးပါတယ်။ ကျွန်တော် သူနဲ့ စကားတွေ အများကြီး ပြောခဲ့ဖူးသလို အကြံဉာဏ်တွေလည်း ရယူခဲ့ဖူးပါတယ်။ သူက ရီးရဲလ်မက်ဒရစ်အတွက် အဓိက ကစားသမားတစ်ဦးဖြစ်ခဲ့ဖူးသလို ဂျာမနီလက်ရွေးစင်အသင်း အတွက်လည်း အဓိကကစားသမားတစ်ဦး ဖြစ်ပါတယ်။ လာမယ့်သောကြာနေ့ပွဲစဉ်မှာ ကျွန်တော်တို့ သူ့ကို သတိထားရင်ဆိုင်သွားရပါမယ်”လို့ ပြောပါတယ်။
လွန်ခဲ့တဲ့နှစ်တွေ အတွင်း တိုနီခရူးစ်နဲ့အတူ ရီးရဲလ်မက်ဒရစ်ရရှိခဲ့ဖူးတဲ့ အောင်မြင်မှုတွေကြောင့် အသက်- ၃၃ နှစ်အရွယ်ကစားသမားက သူ့ရဲ့ကိုယ်ပိုင်စွမ်းရည်တွေအကြောင်း ပိုမိုသိရှိနားလည်နေပါလိမ့်မယ်။
တိုနီခရူးစ်ကို ဖိအားအနည်းငယ်ပေးလိုက်မယ်ဆိုရင်တောင် ဘာတွေဖြစ်ပျက်သွားမလဲဆိုတာ အခုယူရိုပြိုင်ပွဲ၊အဖွင့်ပွဲစဉ်မှာ စကော့တလန်တို့ သိရှိနားလည်သွားခဲ့ပါတယ်။ ဒါပေမယ့် စပိန်အသင်းအနေဖြင့် တိုနီခရူးစ်ကို ဖိအားပေးသွားဖို့ ပြင်ဆင်ထားသလားလို့ ဟိုဆေးလူဆီ မေးမြန်းခဲ့ပါတယ်။ စပိန်အသင်းက အခုယူရိုပြိုင်ပွဲကြီးရဲ့လက်ရှိအချိန်အထိ ဘောလုံးပိုင်ဆိုင်မှုကို အလျှင်မြန်ဆုံးပြန်ရယူလေ့ရှိတဲ့အသင်းအဖြစ် ယေဘုယျသတ်မှတ်ထားကြပါတယ်။
ဟိုဆေးလူက “တိုနီခရူးစ်မှာ ဘယ်လိုစွမ်းဆောင်ရည်တွေရှိသလဲဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ်။ သူက ဂျာမနီအသင်းအတွက် အဓိကကစားသမားတစ်ဦးလို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က သူတစ်ဦးတည်းကိုသာလျှင် အာရုံစိုက်သွားလို့ မရပါဘူး။ ဂျာမနီအသင်း ဘောလုံးပိုင်ဆိုင်ချိန်တိုင်းမှာ သူ့ဆီကပဲ ဘောလုံးဖြတ်သန်းသွားပါလိမ့်မယ်။ ဂျာမနီအသင်းအတွက် အရာရာတိုင်းကို ကိုယ်စားပြုပေးထားတဲ့ ကစားသမားတစ်ဦးပါ။ ကျွန်တော်တို့က တိုနီခရူးစ်ကို အထူးအာရုံစိုက်ကစားသွားမှာဖြစ်လို့ ဂျာမနီအတွက် လွယ်ကူတဲ့ပွဲစဉ်တစ်ခု မဖြစ်လာနိုင်ပါဘူး။ နောက်တစ်ဆင့် တက်ရောက်နိုင်ရေးက အလွန်အရေးကြီးပါတယ်။ တိုနီခရူးစ်နဲ့ပတ်သက်လို့ ကျွန်တော်တို့တွေ ကိုယ့်ကိုကိုယ်ယုံကြည်မှု ရှိနေရပါမယ်။ အခြားအသင်းရဲ့ကစားသမားတွေအကြောင်း ကျွန်တော်တို့ ဂရုမစိုက်ပါဘူး။ လာမယ့်သောကြာနေ့ပွဲစဉ်က တိုနီခရူးစ်ရဲ့နောက်ဆုံးပွဲစဉ်ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်”လို့ ဆက်ပြောပါတယ်။
စပိန်အသင်းက အခုယူရိုပြိုင်ပွဲကြီးရဲ့အုပ်စုအဆင့်ပွဲစဉ်တွေမှာ ရာနှုန်းပြည့်နိုင်ပွဲ ရယူနိုင်တဲ့ တစ်ခုတည်းသောအသင်းဖြစ်ပြီး နောက်ဆုံးလေးပွဲကစားပြီးချိန် ကိုးဂိုးသွင်းယူကာ တစ်ဂိုးသာလျှင် ခွင့်ပြုပေးထားရပါတယ်။ အိမ်ရှင်အားသာချက်ရှိနေတဲ့ ဂျာမနီအသင်းကလည်း နောက်ဆုံး ၁၆ သင်းရှုံးထွက်အဆင့်မှာ ဒိန်းမတ်ကို ကျော်ဖြတ်လာခဲ့ပါတယ်။