
စပိန်နဲ့ပြင်သစ်တို့ယှဉ်ပြိုင်မယ့် နေရှင်းလိဂ်ပွဲစဉ်က ဘောလွန်းဒီအော်ဆုအတွက် အဆုံးအဖြတ်ပေးနိုင်မှာမဟုတ်ကြောင်း ယာမယ်လ်ပြော
ဘာစီလိုနာနဲ့ စပိန်လက်ရွေးစင်တောင်ပံကစားသမား လာမိုင်းယာမယ်လ်က ပြင်သစ်နဲ့ကစားသွားရမယ့် နေရှင်းလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်ဟာ ယခုနှစ်အတွက် ဘောလုံးဒီအော်ဆုအတွက် အဆုံးအဖြတ်ပွဲစဉ်ဖြစ်လာမှာမဟုတ်ကြောင်း ပြောကြားလာခဲ့ပါတယ်။
နေရှင်းလိဂ်မှာ စပိန်နဲ့ပြင်သစ်တို့ ထိပ်တိုက်တွေ့ဆုံနေသလို၊ ယာမယ်လ်အနေနဲ့လည်း အူစမန်ဒမ်ဘီလီနဲ့ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်လို့ ဘောလွန်းဒီအော်ဆုအတွက် ရေပန်းစားနေသူ ၂ ယောက်ရဲ့ယှဉ်ပြိုင်မှုကို ပရိသတ်တွေမြင်တွေ့သွားရမှာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှ အနိုင်ရတဲ့အသင်းကတော့ တနင်္လာနေ့ဗိုလ်လုပွဲမှာ ဂျာမနီ(သို့)ပေါ်တူဂီနဲ့ ဆက်လက်ယှဉ်ပြိုင်သွားရပါမယ်။
၂၀၂၄-၂၅ ဘောလုံးရာသီအတွင်း ယာမယ်လ်နဲ့ ဒမ်ဘီလီတို့ဟာ ကလပ်နဲ့နိုင်ငံအသင်းတွေအတွက် အလွန်အရေးပါတဲ့ကစားသမားတွေအဖြစ် စွမ်းဆောင်နိုင်ခဲ့ကြတာကြောင့် ဘောလုံးရပ်ဝန်းမှာ အဆိုပါ ကစားသမားထဲမှ တစ်ယောက်ဟာ ဘောလွန်းဒီအော်ဆုကိုဆွတ်ခူးသွားမယ်လို့ ယူဆနေကြပါတယ်။ ယခုအခါမှာ ယာမယ်လ်က စပိန်နဲ့ပြင်သစ်တို့ပွဲစဉ်မှ အနိုင်ရသူဟာ ဘောလွန်းဒီအော်ဆုကို ဆွတ်ခူးမယ်လို့ မဆုံးဖြတ်နိုင်ကြောင်း ပြောကြားလာခဲ့ပါတယ်။
အသက်-၁၇ နှစ်အရွယ်ကစားသမားက "တကယ်လို့ ခင်ဗျားက ဘောလွန်းဒီအော်ဆုကိုပေးနိုင်တယ်ပဲထားပါတော့။ ခင်ဗျားအနေနဲ့ တစ်နှစ်ပတ်လုံးမှာ အကောင်းဆုံးဖြစ်ခဲ့တဲ့ ကစားသမားကိုပေးမလား ပွဲတစ်ပွဲတည်းမှာ အကောင်းဆုံးဖြစ်တဲ့ကစားသမားကိုပေးမလား။ ကျွန်တော်ကတော့ သောကြာနေ့ပွဲစဉ်မှာ အနိုင်ရမယ်လို့ ယုံကြည်ထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ကျွန်တော်ကတော့ တစ်နှစ်ပတ်လုံး အကောင်းဆုံးဖြစ်ခဲ့တဲ့ကစားသမားကိုပဲ မဲပေးမှာပါ" လို့ပြောကြားခဲ့ပါတယ်။
ယခုနှစ်ရာသီအတွင်း ဒမ်ဘီလီက ပီအက်စ်ဂျီနဲ့အတူ လီဂူးဝမ်းအမှတ်ပေးဖလား၊ ပြင်သစ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ရရှိထားသလို၊ ယာမယ်လ်ကလည်း ဘာစီလိုနာအတွက် လာလီဂါအမှတ်ပေးဖလား၊ စပိန်စူပါဖလားနဲ့ ကိုပါဒယ်ရေးဖလားတွေကို ဆွတ်ခူးပေးထားနိုင်တာကြောင့် ဖလားရရှိမှုအရေအတွက် တူညီနေပါတယ်။
သို့သော်လည်း ဂိုးရရှိမှုအပိုင်းမှာတော့ ဒမ်ဘီလီက ကလပ်နဲ့နိုင်ငံအသင်းအတွက် စုစုပေါင်း ၃၅ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီးယာမယလ်ကတော့ ၁၉ ဂိုးသာသွင်းယူထားနိုင်တာဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်ဘောလွန်းဒီအော်ဆုအတွက် ဆန်ခါတင်စာရင်းကို ဩဂုတ်လအစမှာ ကြေညာသွားမှာဖြစ်ပြီး ဆုပေးပွဲအခမ်းအနားကိုတော့ စက်တင်ဘာလ ၂၂ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။