အောင်ပွဲခံမှုပုံစံကြောင့် နှစ်ပွဲပယ်ပြစ်ဒဏ်နဲ့ရင်ဆိုင်ရဖွယ်ရှိတဲ့ စပိန်ကြယ်ပွင့် ရိုဒရီနဲ့ မိုရာတာ
ယူရို-၂၀၂၄ ချန်ပီယံအောင်ပွဲခံမှုအခမ်းအနားအတွင်း ဂျီဘရော်လ်တာကျွန်းနဲ့ပတ်သက်လို့ အော်ဟစ်ကြွေးကြော်ခဲ့မှုတွေအတွက် နှစ်ပွဲပယ်ပြစ်ဒဏ်တစ်ခုကို စပိန်လက်ရွေးစင်ကွင်းလယ်လူ ရိုဒရီ၊ တိုက်စစ်မှူးမိုရာတာတို့ ရင်ဆိုင်ရနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။
ဘာလင်မြို့ဗိုလ်လုပွဲအတွင်း အင်္ဂလန်အသင်းကို အနိုင်ယူပြီးနောက် ၂၀၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အဓိကမေဂျာဆုဖလားကို စပိန်အသင်း ရယူနိုင်ခဲ့ပါတယ်။ ဒီနောက်မှာတော့ ရိုဒရီနဲ့ မိုရာတာတို့က ဂျီဘရော်လ်တာကို ဗြိတိန်အစား စပိန်နိုင်ငံပိုင်ဖြစ်တယ်လို့ အဓိပ္ပါယ်ရတဲ့ ကြွေးကြော်သံအချို့ကို ထုတ်လွှင့်ခဲ့ပါတယ်။ ဒီပိုင်ဆိုင်မှုကိစ္စဟာ နှစ်နိုင်ငံအကြား နိုင်ငံရေးပြဿနာသာဖြစ်ပြီး အခုလိုကြွေးကြော်မှုတွေဟာ ချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်တယ်လို့ ယူဆမှုနဲ့အတူ ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က စုံစမ်းစစ်ဆေးရေးလုပ်ငန်းတွေ စတင်လာခဲ့ပါတယ်။
Marca သတင်းဌာနရဲ့အဆိုအရ ယူအီးအက်ဖ်အေဘက်မှ အခုကိစ္စအပေါ် ပြစ်ဒဏ်ချမှတ်ဖို့ ဆုံးဖြတ်မယ်ဆိုရင် ကစားသမားနှစ်ဦးဟာ နှစ်ပွဲပယ်ပြစ်ဒဏ်နဲ့ရင်ဆိုင်ရဖွယ်ရှိတယ်လို့ သိရပါတယ်။ မြေမျက်နှာသွင်ပြင်ဆက်စပ်တည်ရှိမှုအရ ဂျီဘရော်လ်တာကျွန်းဟာ စပိန်နိုင်ငံရဲ့တောင်ဘက်အစွန်ဆုံးမှာ ရှိနေပေမယ့် ရာစုနှစ်သုံးခုကျော်ကြာ ဗြိတိန်ရဲ့ပင်လယ်ရပ်ခြားပိုင်နက်တစ်ခုအဖြစ် ရပ်တည်နေခဲ့ပါတယ်။
စပိန်နိုင်ငံဘက်ကတော့ ဂျီဘရော်လ်တာဟာ နိုင်ငံ့ပိုင်နက်နယ်မြေအဖြစ် အစဉ်အမြဲယူဆခဲ့ပြီး ဒီကျွန်းပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ ဗြိတိန်နိုင်ငံနဲ့ အငြင်းပွားခဲ့ပါတယ်။ ဂျီဘရော်လ်တာဟာ ကိုလိုနီစနစ်ရဲ့အကြွင်းအကျန်ဖြစ်ပြီး နိုင်ငံ့ရဲ့အချုပ်အခြာအာဏာအောက်ဆီ ပြန်လည် ရောက်ရှိသင့်တယ်လို့ စပိန်နိုင်ငံဘက်က ယူဆနေပါတယ်။ ဥရောပသမဂ္ဂ(အီးယူ)မှ ဗြိတိန်နုတ်ထွက်သွားခြင်းနဲ့အတူ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုနဲ့ ခရီးသွားလာမှုဆိုင်ရာကိစ္စတွေမှာလည်း အရှုပ်အထွေးတွေ တိုးပွားလာခဲ့ပါတယ်။
ဂျီဘရော်လ်တာဘောလုံးအဖွဲ့ချုပ်ရဲ့သောကြာနေ့ကြေညာချက်မှာ “စပိန်အသင်းရဲ့ ယူရို-၂၀၂၄ ချန်ပီယံအောင်ပွဲအခမ်းအနားအတွင်း အလွန်အမင်းရန်စစော်ကားတဲ့ အပြုအမူတွေကို အဖွဲ့ချုပ်အနေဖြင့် မှတ်သားသိရှိထားပါတယ်။ ယူရို-၂၀၂၄ ချန်ပီယံဖြစ်လာပြီးနောက် ဂျီဘရော်လ်တာနဲ့ပတ်သက်လို့ စပိန်အမျိုးသားလက်ရွေးစင်အသင်းကစားသမားတွေရဲ့ သီချင်းတွေ၊ လက်မခံနိုင်စရာကြွေးကြော်သံတွေကို ယူအီးအက်ဖ်အေဆီ တင်ပြတိုင်ကြားသွားဖို့ ပြင်ဆင်နေပါပြီ။ ဒီလိုစိတ်နေစိတ်ထားအပြုအမူတွေအတွက် ဘောလုံးလောကမှာ နေရာမရှိပါဘူး”လို့ ဖော်ပြခဲ့ပါတယ်။
ယူအီးအက်ဖ်အေရဲ့သောကြာနေ့မနက်ပိုင်းထုတ်ပြန်ချက်မှာလည်း “၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၅ ရက်၊ မက်ဒရစ်မြို့ အောင်ပွဲခံအခမ်းအနားအတွင်း စပိန်အသင်းကစားသမားတွေဖြစ်တဲ့ ရိုဒရီနဲ့ မိုရာတာတို့ဟာ ယူအီးအက်ဖ်အေရဲ့စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့သလားဆိုတာ စုံစမ်းစစ်ဆေးသွားဖို့ စည်းကမ်းထိန်းသိမ်းရေးအရာရှိကို ခန့်အပ်လိုက်ပါပြီ။ ဒီကိစ္စနဲပတ်သက်ပြီး နောက်ထပ်ရရှိလာတဲ့အချက်အလက်တွေကို အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးသွားမယ်”လို့ ဖော်ပြသွားခဲ့ပြန်ပါတယ်။
လက်ရှိမှာ ရိုဒရီက အားလပ်ရက်အနည်းငယ်ရယူပြီးနောက် မန်စီးတီးနဲ့ ပြန်လည်ပူးပေါင်းသွားပါလိမ့်မယ်။ အခြားတဖက်မှာလည်း မိုရာတာက အေစီမီလန်အသင်းဆီ ပြောင်းရွှေ့သွားခဲ့ပြီး အသင်းသစ်နဲ့အတူ လေ့ကျင့်ရေးအစီအစဉ်တွေကို မကြာခင်မှာ စတင်သွားဖို့ ပြင်ဆင်နေပါတယ်။