အာဂျင်တီးနား ကစားသမားဘဝ နောက်ဆုံး တိုက်ပွဲတွေကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတယ်လို့ ဆိုလာတဲ့ မက်ဆီ
အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်မက်ဆီက ယနေ့နံနက်က ကနေဒါကို အနိုင်ရခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အပြီးမှာ သူဟာ နိုင်ငံ့လက်ရွေးစင် ကစားသမားဘဝ နောက်ဆုံးတိုက်ပွဲတွေကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတယ်လို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ အီကွေဒေါနဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ခြေစွမ်းပြဖို့ရုန်းကန်ခဲ့ရတဲ့မက်ဆီဟာ ယခုပွဲစဉ်မှာတော့ အိန်ဂျယ်ဒီမာရီယာ၊ ဂျူလီယန်အယ်လ်ဗာရက်ဇ်တို့နဲ့အတူ အာဂျင်တီးနား တိုက်စစ်ကို အထက်မြက်ဆုံး ဦးဆောင်ခဲ့ပြီး သွင်းဂိုး ၁ ဂိုး ရယူနိုင်ခဲ့ပါတယ်။ ယခုနိုင်ပွဲကြောင့် အာဂျင်တီးနားဟာ ကိုပါအမေရိက ဗိုလ်လုပွဲသို့ တက်လှမ်းသွားခဲ့ပြီး တစ်ဖက်က ကိုလံဘီယာနဲ့ ဥရုဂွေးတို့ပွဲစဉ်မှ အနိုင်ရရှိတဲ့အသင်းနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ မက်ဆီက “ဒီပြိုင်ပွဲက ပြီးခဲ့တဲ့ ကိုပါအမေရိကနဲ့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေလိုပါပဲ။ ကျွန်တော့်အတွက်တော့ နောက်ဆုံးတိုက်ပွဲတွေဖြစ်ပြီး အဆုံးစွန်တဲ့ပျော်ရွှင်မှုနဲ့အတူ ပါဝင်ကစားနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
မေဂျာလိဂ်ကလပ် အင်တာမီယာမီမှာ ကစားနေတဲ့ အသက်-၃၇ နှစ်အရွယ် ကစားသမားဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားနဲ့အတူ ဆက်လက်ကစားဖို့ရှိမရှိကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေမယ့် ယခု ကိုပါအမေရိကဗိုလ်လုပွဲမှာတော့ ဆက်လက်ပါဝင်သွားမှာဖြစ်ပါတယ်။
အခုလို မက်ဆီရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီး အာဂျင်တီးနားနည်းပြ လီယွန်နယ်စကာလိုနီက “ကျွန်တော်တို့ သူ့ကိုလွှတ်ထားရပါမယ်။ ဒါပေမယ့် ကျွန်တော်တို့က သူ့အတွက်ဘယ်တော့မှ ပိတ်သွားမယ့်တံခါးတွေမဟုတ်ဘူးဆိုတာ သူသိပါတယ်။ သူ့အနေနဲ့ အသင်းမှာ ကြိုက်သလောက်နေလို့ရပါတယ်။ အနားယူသွားခဲ့ရင်တောင် သူဘာဖြစ်ချင်လဲဆိုတာကို ဆုံးဖြတ်လို့ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
မက်ဆီဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားနဲ့ ၂၀၂၁ ကိုပါအမေရိကဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့တာကြောင့် ယခုအခါမှာတော့ နိုင်ငံ့လက်ရွေးစင်အသင်းနဲ့အတူ တတိယမြောက် ဆုဖလားကို ဆွတ်ခူးနိုင်ဖို့ အခွင့်အရေးကောင်းကို ပိုင်ဆိုင်ထားပါတယ်။
ဆက်လက်ပြီး ဘော်လွန်းဒီအော် ၈ ဆုရှင်က “ဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့နဲ့ နောက်ထပ်တစ်ကြိမ်ချန်ပီယံတွေဖြစ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ခက်ခဲတဲ့ပွဲစဉ်တွေ ဆိုးဝါးတဲ့ကွင်းအခြေအနေတွေနဲ့ အပူချိန်မြင့်မားမှုတွေကြောင့် ကိုပါအမေရိက ပွဲစဉ်တွေက အရမ်းခက်ခဲပါတယ်။ ဒါပေမယ့် ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပြီဆိုတော့ ကျွန်တော်တို့အနေနဲ့ လက်ရှိအခိုက်အတန့်ကို ပျော်ရွှင်ဖို့လိုပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
အသင်းရဲ့ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ကလည်း အသင်းဟာ ကမ္ဘာ့ချန်ပီယံဖြစ်နေပေမယ့် အခုလို ကိုပါအမေရိကဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့တာက ယခင်ကထက် ပိုမိုပျော်ရွှင်ရကြောင်းကို “ဒီနိုင်ငံကို ကိုယ်စားပြုပြီး အာဂျင်တီးနား နိုင်ငံသားတစ်ယောက်အနေနဲ့ နောက်ထပ်တစ်ကြိမ် ဗိုလ်လုပွဲမှာ ပါဝင်ခွင့်ရလို့ ဂုဏ်ယူမိပါတယ်။ ဒါက ကျွန်တော့်အတွက် ပထမဆုံးအကြိမ် ဗိုလ်လုပွဲရောက်နေသလို ခံစားနေရတာပါ”လို့ ပြောကြားခဲ့ပါတယ်။