The network connection is lost.

Banner Image

စပိန်ကိုအနိုင်ကစားဖို့ အင်္ဂလန်မှာ ပြီးပြည့်စုံတဲ့ကစားပုံရှိရမယ်လို့ ဆိုလာတဲ့ ဆောက်ဂိတ်

အင်္ဂလန်လက်ရွေးစင်နည်းပြ ဂါရတ်ဆောက်ဂိတ်က လက်ရှိ ၂၀၂၄ ယူရိုပြိုင်ပွဲမှာ စပိန်ကလူကြိုက်အများဆုံး အသင်းဖြစ်ပြီး အကောင်းဆုံးလို့သတ်မှတ်ခံထားရတာကြောင့် သူ့ရဲ့အသင်းအနေနဲ့ စပိန်ကို အနိုင်ကစားဖို့ဆိုရင် ပြီးပြည့်စုံတဲ့ကစားပုံရှိရမယ်လို့ ပြောကြားလာခဲ့ပါတယ်။

ဆောက်ဂိတ်ရဲ့အသင်းဟာ ကြာသပတေးနေ့က ယူရိုဆီမီးဖိုင်နယ်မှာ အိုလီဝက်ကင်းစ်ရဲ့နောက်ကျသွင်းဂိုးနဲ့အတူ နယ်သာလန်ကို အနိုင်ရရှိခဲ့တာကြောင့် လာမယ့်တနင်္လာနေ့မှာတော့ ဗိုလ်လုပွဲစဉ်အဖြစ် ပြင်သစ်ကို အနိုင်ရရှိထားတဲ့စပိန်နဲ့ ဘာလင်မှာ ထိပ်တိုက်တွေ့ဆုံသွားတော့မှာြဖစ်ပါတယ်။ ယူရိုပြိုင်ပွဲရဲ့ အုပ်စုအဆင့်ပွဲစဉ်တွေမှာ အင်္ဂလန်ဟာ ခြေစွမ်းကောင်းရဖို့ရုန်းကန်ခဲ့ရသလို သွင်းဂိုးတွေလည်း အများအပြားမသွင်းယူနိုင်ခဲ့ပေမယ့် မရဏအုပ်စုအတွင်းကျရောက်ခဲ့ရတဲ့ စပိန်ကတော့ လက်ရှိကစားထားတဲ့ ပွဲစဉ်တိုင်းကို အနိုင်ကစားထားနိုင်တာဖြစ်ပါတယ်။

လူးဝစ်ဒီလာဖူရန်တီရဲ့အသင်းဟာ အုပ်စုအတွင်း အီတလီ၊ ခရိုအေးရှားတို့ကို အနိုင်ကစားခဲ့သလို၊ ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာလည်း ဂျာမနီနဲ့ပြင်သစ်တို့ကို ပင်နယ်တီအဆုံးအဖြတ်အထိမရောက်စေဘဲ အနိုင်ကစားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ယခုအခါမှာတော့ ဆောက်ဂိတ်က အင်္ဂလန်အနေနဲ့ ပြီးခဲ့တဲ့ ယူရိုက အီတလီကိုရှုံးနိမ့်ခဲ့တဲ့ဖြစ်ရပ်မျိုး ထပ်မံမကြုံတွေ့လိုဘူးဆိုရင် စပိန်နဲ့ပွဲမှာ ပြီးပြည့်စုံတဲ့ကစားပုံမျိုးနဲ့ ယှဉ်ပြိုင်သွားရမယ်လို့ ပြောကြားလာခဲ့တာဖြစ်ပါတယ်။

ဆောက်ဂိတ်က “ဒီပြိုင်ပွဲမှာ အကောင်းဆုံးလုပ်ပြထားနိုင်လို့ စပိန်က ငြင်းစရာမရှိ ရေပန်းအစားဆုံးအသင်းဖြစ်နေမှာပါ။ သူတို့က အကောင်းဆုံးအသင်းပါပဲ။ ပြီးတော့ သူတို့က တစ်ရက်ပိုပြီး အနားရထားတော့ ကွာခြားမှုဖြစ်လာနိုင်ပေမယ့် ကျွန်တော်တို့အနေနဲ့လည်း အခုချိန်မှာ ကြံ့ခိုင်မှုအတွက် အကောင်းဆုံးလုပ်နေပါပြီ။ အကောင်းဆုံးအသင်းနဲ့ရင်ဆိုင်သွားရမှာဖြစ်လို့ နည်းစနစ်ပိုင်းမှာ ကျွန်တော်တို့အနေနဲ့ ပြီးပြည့်စုံနေဖို့ လိုပါတယ်” “သူတို့က သွေးထွက်လောက်အောင်ကို ကောင်းတဲ့အသင်းပါ။ ဒါကအမှန်တရားပါပဲ။ ဒီပွဲမှာ အနိုင်ရဖို့ ကျွန်တော်တို့အနေနဲ့ ပြီးပြည့်စုံဖို့လိုအပ်ပြီး တတ်နိုင်သလောက် အကောင်းဆုံးလုပ်သွားရပါမယ်”လို့ ပြောကြားခဲ့ပါတယ်။

နယ်သာလန်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အင်္ဂလန်ဟာ ပွဲပြီးကာနီး လူစားဝင်ကစားသမားအဖြစ် ထည့်သွင်းခဲ့တဲ့ ကိုးလ်ပယ်မာနဲ့ အိုလီဝက်ကင်းစ်တို့ကြောင့်သာ ဂိုးရရှိခဲ့တာဖြစ်ပါတယ်။ ယခု ယူရိုပြိုင်ပွဲမှာ ဆောက်ဂိတ်ဟာ ပြင်းပြင်းထန်ထန်ဝေဖန်ခံရလေ့ရှိပြီး ပြီးခဲ့တဲ့လက ဆလိုဗေးနီးယားကို ၀-၀ နဲ့သရေကျခဲ့တဲ့ပွဲစဉ်မှာဆို ပလတ်စတစ်ခွက်တွေနဲ့ပါ ကောက်ပေါက်ခံခဲ့ရတာဖြစ်ပါတယ်။

သို့သော်လည်း အသက်-၅၃ နှစ်အရွယ် နည်းပြကတော့ “ကျွန်တော်တို့ဟာ ပထမဆုံးအကြိမ် နိုင်ငံရပ်ခြားမှာ ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့ပါပြီ။ လူစားဝင်ရောက်ကစားပြီး အသင်းအတွက် အကူအညီပေးနိုင်ခဲ့တဲ့ ကစားသမားတွေအတွက် ကျွန်တော်ကျေနပ်မိပါတယ်။ ကျွန်တော်တို့ဟာ အိုလီအပါအဝင် ကစားသမားတွေအားလုံးကို အသင်းနဲ့လိုက်လျောညီထွေဖြစ်အောင်လေ့ကျင့်ပေးခဲ့ပြီး အဆင်သင့်အသုံးပြုနိုင်အောင် ကြိုးစားခဲ့ပါတယ်။ ဒီလိုမျိုးဆက်သွားနိုင်ဖို့က မလွယ်ပါဘူး။ ဒါဟာ ကျွန်တော်တို့ရဲ့ ကြီးမားတဲ့ခွန်အားပါပဲ”  “ဒီအထိလိုက်လာပြီးအားပေးတဲ့ ပရိသတ်တွေအတွက် ဝမ်းသာမိပါတယ်။ ကျွန်တော်တို့မှာ ပရိသတ်တွေအများကြီးရှိနေပါတယ်။ ပရိသတ်တွေ အခုလို ကျွန်တော်တို့နဲ့အတူတူရှိနေတာက အသင်းအတွက် တွန်းအားဖြစ်စေပြီး ကစားဖို့အတွက်လည်း အားအင်ဖြစ်စေပါတယ်” လို့ပြောကြားခဲ့ပါတယ်။