The network connection is lost.

Banner Image

နယ်သာလန်နဲ့ ပွဲစဉ်မှာ တာဝန်ယူကိုင်တွယ်သွားမယ့် ကွင်းလယ်ဒိုင်ကို ထောက်ခံလိုက်တဲ့ ဆောက်ဂိတ်

အင်္ဂလန် လက်ရွေးစင်နည်းပြ ဂါရတ်ဆောက်ဂိတ်က နယ်သာလန်နဲ့ ယှဉ်ပြိုင်သွားရမယ့် ယူရို ၂၀၂၄ ဆီမီးဖိုင်နယ်ပွဲစဉ်ကို တာဝန်ယူကိုင်တွယ်သွားမယ့် ကွင်းလယ်ဒိုင် ဖီးလစ်ဇွာယာကို ထောက်ခံပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။

အသက်-၄၃ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဇွာယာဟာ ၂၀၀၆ ခုနှစ်မှာ ဒိုင်လူကြီး ရော်ဘတ်ဟွိုင်ဇာနဲ့အတူ လုပ်ပွဲတစ်ပွဲအတွင်း လက်ထောက်ဒိုင်လူကြီးအဖြစ် ပါဝင်ခဲ့ဖူးတာကြောင့် နိုင်ငံ့ဘောလုံးအဖွဲ့ချုပ်ရဲ့ ၆ လကြာ ပိတ်ပင်ခြင်းကို ခံခဲ့ရဖူးပါတယ်။ ထိုစဉ်က ဇွာယာဟာ ဟွိုင်ဇာရဲ့လုပ်ပွဲကစားခြင်းကို ဖော်ထုတ်ရာမှာ ပြန်လည်ကူညီပေးခဲ့တာကြောင် ၆ လသာ တားမြစ်ပိတ်ပင်ခံခဲ့ရတာဖြစ်ပြီး ဦးဆောင်သူ ကွင်းလယ်ဒိုင် ဟွိုင်ဇာကတော့ ရာသက်ပန်ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။

နောက်ပိုင်းမှာ အင်္ဂလန်ကွင်းလယ်လူ ဂျုဒ်ဘယ်လင်ဟမ်ဟာ ဇွာယာနဲ့ လူသိရှင်ကြားပြဿနာတက်ခဲ့ဖူးပါသေးတယ်။ ၂၀၂၁ ခုနှစ်မှာ ကွင်းလယ်လူက အသင်းဟောင်း ဒေါ့မွန်မှာကစားနေစဉ် ဘိုင်ယန်မြူးနစ်ကိုရှုံးနိမ့်ခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူခဲ့တဲ့ ဇွာယာရဲ့ အတိတ်ဆိုးကို ပြန်လည်တူးဆွခဲ့တာကြောင့် ဂျာမန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ဒဏ်ရိုက်ခြင်းကို ခံခဲ့ရဖူးတာဖြစ်ပါတယ်။

ဒါကြောင့် ယခုအခါမှာ ဘယ်လင်ဟမ်နဲ့ ဇွာယာတို့ ပြန်လည်တွေ့ဆုံသွားမှာဖြစ်လို့ ပြဿနာရှိနိုင်သလားလိုမေးမြန်းခဲ့ရာ ဆောက်ဂိတ်က “မရှိပါဘူး။ ကျွန်တော် ဒိုင်လူကြီးတွေကို ဘယ်လိုဆက်ဆံသလဲဆိုတာ အားလုံးအသိပါ။ သူတို့ကို လေးစားမှုအပြည့်ထားပါတယ်။ ယူအီးအက်ဖ်အေရဲ့ ဒိုင်လူကြီးအဖွဲချုပ်က တာဝန်ရှိသူတွေရဲ့အကြောင်းကိုလည်း ကျွန်တော်ကောင်းကောင်းသိပါတယ်။ ကျွန်တော်တို့က ဒိုင်လူကြီးတွေကို လေးစားသလို သူတို့ကလည်း ကျွန်တော်တို့ရဲ့ လေးစားမှုကို အသိအမှတ်ပြုပါတယ်” “ပွဲတာဝန်ရှိသူတွေကို မှန်မှန်ကန်ကန်ဆက်ဆံတဲ့ နည်းလမ်းရှိတယ်လို့ ထင်ပါတယ်။ ဒါက ပွဲရဲ့ပုံရိပ်အတွက် အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် ဒိုင်လူကြီးက ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော်စိတ်မပူပါဘူး။ ယူအီးအက်ဖ်အေရဲ့ ဆုံးဖြတ်ချက်အရဆိုရင်တော့ သူကအရမ်းအဆင့်အတန်းမြင့်တဲ့သူတစ်ယောက်ဖြစ်မှာပါ။ ဒီအကြောင်းကို ထည့်စဉ်းစားနေစရာကိုမလိုပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

ယခု အင်္ဂလန်နဲ့ နယ်သာလန်တို့ပွဲစဉ်မှာ ဇွာယာဟာ သူ့ရဲ့ လက်ထောက်နည်းပြတွေဖြစ်တဲ့ စတီဖင်လပ်၊ မာကိုအာချ်မူလာနဲ့ VAR ဒိုင်လူကြီး ဒန်ကာ့တို့ကို ဦးဆောင်သွားမှာဖြစ်ပြီး အားလုံးဟာ ဂျာမနီလူမျိုးတွေဖြစ်ကြပါတယ်။ ရိုမေးနီးယားကို အနိုင်ရခဲ့တဲ့ နယ်သာလန်ရဲ့ပွဲစဉ်မှာလည်း ဇွာယာဟာ ကွင်းလယ်ဒိုင်အဖြစ် ဆောင်ရွက်ခဲ့တာကြောင့် ယခုပွဲစဉ်ဟာ သူ့အနေနဲ့ နယ်သာလန်အသင်းပါဝင်တဲ့ပွဲစဉ်ကို ဒုတိယအကြိမ် ကိုင်တွယ်ရတာဖြစ်ပါတယ်။

အဆိုပါပွဲစဉ်တွေမတိုင်မီမှာ ဇွာယာဟာ အုပ်စုအဆင့်က အီတလီနဲ့ အယ်လ်ဘေးနီးယားတို့ပွဲစဉ်၊ ပေါ်တူဂီနဲ့ တူရကီတို့ရဲ့ပွဲစဉ်တွေကို တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။  တနင်္လာနေ့က နယ်သာလန်နဲ့ ပွဲစဉ်ကို ဇွာယာက ကွင်းလယ်ဒိုင်အဖြစ် ပါဝင်ဆောင်ရွက်သွားမှာဖြစ်လို့ အသင်းအတွက် အဆင်မပြေဖြစ်နိုင်သလားဆိုတဲ့မေးခွန်းကို အင်္ဂလန်နောက်ခံလူ လုခ်ရှောက “ဘာမှမဖြစ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ယူအီးအက်ဖ်အေရဲ့ ဆုံးဖြတ်ချက်တွေကို လေးစားရပါမယ်။ ဒါက ကျွန်တော်တို့အပေါ် တစ်စုံတစ်ရာသက်ရောက်မှုရှိမှာ မဟုတ်ပါဘူး” “ကျွန်တော်တို့က ပွဲအပေါ်မှာပဲ အာရုံစိုက်ထားပါတယ်။ ဒိုင်လူကြီးတွေအပေါ် အာရုံစိုက်စရာမရှိပါဘူး။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ပြောင်းလဲမှုရှိမှာမဟုတ်ပါဘူး” လို့ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဘက်လိုက်တဲ့ ကွင်းလယ်ဒိုင်နဲ့ ကြုံတွေ့ခဲ့ဖူးသလားလို့ မေးမြန်းရာ လုခ်ရှောက “မကြုံဖူးပါဘူး။

တစ်ခါတလေမှာ ပွဲကအရမ်းကို အရှိန်ပြင်းထန်နေပြီး အကြိတ်အနယ်ရှိတဲ့ အချိန်တွေမှာ ကွင်းလယ်ဒိုင်က ဘက်လိုက်တယ်လို့ ထင်ကောင်းထင်မိနိုင်ပါတယ်။ အမှန်ကတော့ မဟုတ်ပါဘူး”လို့ ဖြေကြားခဲ့ပါတယ်။