The network connection is lost.

Banner Image

မိုဆာလက်နဲ့ လီဗာပူးတို့ စာချုပ်သစ်ကိစ္စအပြီးသတ်နိုင်ရန် နီးစပ်နေပြီလို့ သတင်းထွက်ပေါ်

လီဗာပူးတိုက်စစ်မှူးမိုဆာလက်အနေဖြင့် အန်ဖီးလ်မှာ စာချုပ်သစ်ချုပ်ဆိုဖို့ အတော်လေးနီးစပ်နေပြီလို့ သတင်းရင်းမြစ်တစ်ဦးက အတည်ပြုပေးပါတယ်။ မိုဆာလက်က ဗန်ဒိုက်၊ အာနိုးလ်တို့နည်းတူ အခုဘောလုံးရာသီကုန်မှာ ကြိုးကြာနီတွေနဲ့ စာချုပ်သက်တမ်း ပြည့်မြောက်ပါလိမ့်မယ်။ သတင်းရင်းမြစ်တစ်ဦးရဲ့အဆိုအရ ရီးရဲလ်မက်ဒရစ်အနေဖြင့် အာနိုးလ်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူနိုင်ရန် အလားအလားကောင်းနေပြီး ဗန်ဒိုက်နဲ့ မိုဆာလက်တို့ကတော့ အန်ဖီးလ်မှာဆက်ရှိနေဖို့ အကောင်းမြင်မှုတွေရှိနေတယ်လို့ သိရပါတယ်။

ဗန်ဒိုက်ကိုယ်တိုင်ကလည်း စာချုပ်သစ်အတွက်ညှိနှိုင်းမှုတွေမှာ တိုးတက်မှုတွေ ရှိခဲ့တယ်လို့ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း အတည်ပြုခဲ့ပြီး မိုဆာလက်ကိုလည်း စာချုပ်သစ်ချုပ်ဆိုနိုင်မယ်ဆိုတဲ့ ယုံကြည်မှုတွေ လီဗာပူးအသင်းဘက်မှာ တိုးပွားလာနေတယ်လို့ သိရပါတယ်။ မိုဆာလက်က လီဗာပူးကစားသမားဘဝရှစ်နှစ်တာကာလအတွင်း အဓိကဆုဖလားရှစ်လုံးအထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူက ယာဂန်ကလော့ပ်လက်အောက် ၂၀၁၈-၂၀၁၉ ရာသီ ချန်ပီယံလိဂ်အောင်ပွဲနဲ့ ၂၀၁၉-၂၀၂၀ ရာသီပရီးမီးယားလိဂ်ချန်ပီယံခရီးလမ်းတွေမှာ အသင်းအတွက် အဓိကကစားသမားအဖြစ် ပါဝင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်သမိုင်းတလျှောက်သွင်းဂိုးအများဆုံးကစားသမားစာရင်းမှာလည်း အဂူရိုနဲ့အတူ ပဉ္စမနေရာမှာ ပူးတွဲရပ်တည်လာနိုင်တဲ့ အီဂျစ်လက်ရွေးစင်က ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုသုံးကြိမ် (၂၀၁၇-၂၀၁၈၊ ၂၀၁၈-၂၀၁၉ ၊ ၂၀၂၁-၂၀၂၂)၊ အာဖရိကတစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုနှစ်ကြိမ် (၂၀၁၇၊၂၀၁၈) တို့ အပါအဝင် တစ်ဦးချင်းထူးချွန်ဆုအများအပြားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

လတ်တလောမှာလည်း မိုဆာလက်က လီဗာပူးအသင်းကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်မှာ ၁၁ မှတ်ဖြတ် ဦးဆောင်နိုင်အောင် ပြိုင်ပွဲစုံသွင်းဂိုး ၃၂ ဂိုး၊ ဂိုးဖန်တီးမှု ၂၂ ကြိမ်ဖြင့် ကူညီပေးရင်း ကောင်းမွန်တဲ့ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းနေပါတယ်။

အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မိုဆာလက်ရဲ့ဂိုးပါဝင်ပတ်သက်မှုက ၄၄ ကြိမ်အထိ ရှိလာခဲ့ပြီး ဒါက ၃၈ ပွဲသာကစားရတဲ့ လိဂ်ဘောလုံးရာသီတစ်ခုရဲ့အကောင်းဆုံးပူးတွဲစံချိန်တစ်ခု ဖြစ်လာခဲ့ပါတယ်။ မိုဆာလက်က အလန်ရှီးယား(ဘလက်ဘန်း၊ ၁၉၉၄-၁၉၉၅ ဘောလုံးရာသီ)၊ အန်ဒီကိုးလ်(နယူးကာဆယ်၊ ၁၉၉၃-၁၉၉၄ ဘောလုံးရာသီ)တို့ စွမ်းဆောင်ပြထားတဲ့ ဂိုးပါဝင်ပတ်သက်မှုစံချိန် ၄၇ ကြိမ်ကို ကျော်ဖြတ်နိုင်ဖို့ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။

အသက်-၃၂ နှစ်အရွယ် မိုဆာလက်အနေဖြင့် မာဆေးဆိုဒ်မှာ ပျော်ရွှင်နေတယ်လို့ သိရပြီး ကလပ်အသင်းအပေါ် သူ့ရဲ့ချစ်ခင်မှုကို ကြိမ်ဖန်များစွာ ထပ်တလဲလဲ ထုတ်ဖော်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း မိုဆာလက်က “ အခုဆို ကျွန်တော်က ကလပ်အသင်းမှာ နှစ်ပေါင်းများစွာကြာ ရှိနေခဲ့ပြီးပြီဆိုတာ ခင်ဗျားတို့လည်း သိကြပါတယ်။ ဒီလိုကလပ်အသင်းမျိုး မရှိတော့ပါဘူး။ ကျွန်တော် ပရိသတ်တွေကို ချစ်ပါတယ်။ ပရိသတ်တွေကလည်း ကျွန်တော့်ကို ချစ်ပါတယ်”လို့ ပြောပါတယ်။