The network connection is lost.

Banner Image

နယူးကာဆယ်၊ လီဗာပူးနဲ့ အာဆင်နယ်တို့ နိုင်ပွဲကိုယ်စီနဲ့ နောက်တစ်ဆင့်ကို တက်လှမ်းခဲ့ကြတဲ့ ကာရာဘောင်ဖလားပွဲစဉ်များ

ယနေ့နံနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ နယူးကာဆယ်၊ လီဗာပူးနဲ့ အာဆင်နယ်တို့ နိုင်ပွဲကိုယ်စီရရှိခဲ့ကြပြီး ဆီမီးဖိုင်နယ်သို့ တက်လှမ်းသွားနိုင်ခဲ့ကြပါတယ်။ ပရီးမီးယားလိဂ်ကလပ် ဆောက်သမ်တန်နဲ့တွေ့ဆုံခဲ့တဲ့ လီဗာပူးဟာ အဝေးကွင်းမှာ သက်တောင့်သက်သာနိုင်ပွဲကိုဖော်ဆောင်ခဲ့ပြီး ၁-၂ ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ 

ပွဲအစမှာ ၂ သင်းစလုံး ကစားပုံညံ့ဖျင်းခဲ့ပြီး စိတ်လှုပ်ရှားစရာသိပ်မရှိခဲ့ပေမယ့် ပွဲကစားချိန် ၂၄ မိနစ်မှာတော့ နောက်ခံလူ ထရန့်အလက်ဇန္ဒားအာနိုးလ်ရဲ့ပေးပို့မှုမှတစ်ဆင့် ဒါဝင်နူနက်ဇ်က လီဗာပူးအတွက် ဦးဆောင်ဂိုးစတင်သွင်းယူပေးခဲ့ပါတယ်။ ဦးဆောင်ဂိုးရရှိပြီးနောက်မှာ လီဗာပူးတို့ ကစားပုံပိုမိုကောင်းမွန်လာခဲ့ပြီး အခွင့်အရေးတွေထပ်မံဖန်တီးနိုင်ခဲ့ကာ ၃၂ မိနစ်အရောက်မှာတော့ တောင်ပံကစားသမား အီလီယော့က ဒုတိယဦးဆောင်ဂိုးထပ်မံသွင်းယူပေးခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း လီဗာပူးကပဲ ပွဲကိုဆက်လက်စိုးမိုးခဲ့ပြီး ဂိုးတွေထပ်ရမယ်လို့ ထင်ခဲ့ရပေမယ့် အိမ်ရှင်ဆောက်သမ်တန်အတွက် ချေပဂိုးတစ်ဂိုးကို ၅၉ မိနစ်မှာ အာချာက ပြန်လည်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း လီဗာပူးအနေနဲ့ အနိုင်ရလဒ်ကို သက်တောင့်သက်သာပဲထိန်းသိမ်းနိုင်ခဲ့တာကြောင့် ဆီမီးဖိုင်နယ်သို့ ထိုက်ထိုက်တန်တန်တက်လှမ်းနိုင်ခဲ့ပါတယ်။ 

အာဆင်နယ်ကလည်း တိုက်စစ်မှူး ဂါဘရီရယ်ဂျီးဆပ်ရဲ့ ဟက်ထရစ်နဲ့အတူ ခရစ္စတယ်ပဲလေ့စ်ကိုနောက်ကောက်ချနိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်သို့တက်လှမ်းနိုင်ခဲ့ပါတယ်။ ယခုပွဲစဉ်မှာ ဦးဆောင်ဂိုးကို ပဲလေ့စ်က စတင်ရရှိခဲ့တာဖြစ်ပြီး ပွဲအစ ၄ မိနစ်မှာပဲ မာတီတာက သွင်းယူခဲ့ပါတယ်။ ထို့နောက် ပထမပိုင်းအတွင်းမှာ အာဆင်နယ်က အခွင့်အရေးတွေဖန်တီးနိုင်ဖို့ရုန်းကန်ခဲ့ရလို့ ချေပဂိုးပြန်သွင်းယူနိုင်ခြင်းမရှိခဲ့ဘဲ ၀-၁ နဲ့အရေးနိမ့်နေခဲ့ပါတယ်။ 

ဒုတိယပိုင်းအရောက်မှာတော့ အာဆင်နယ်တို့ အခွင့်အရေးကောင်းတွေ ပိုမိုဖန်တီးနိုင်ခဲ့ပြီး အသင်းအတွက်ဂိုးတွေကို ဂျီးဆပ်တစ်ဦးတည်းကပဲ ၅၄၊ ၇၃ နဲ့ ၈၁ မိနစ်တွေမှာ ဟက်ထရစ်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ၃-၁ နဲ့ပွဲပြီးဆုံးပြီလို့ယူဆခဲ့ရပေမယ့် ခရစ္စတယ်ပဲလေ့စ်အတွက် မျှော်လင့်ချက်ရောင်ခြည်ပေးနိုင်မယ့်ဂိုးတစ်ဂိုးကို အာဆင်နယ်ကစားသမားဟောင်း အန်ကီတီယာက ၈၅ မိနစ်မှာ ပြန်လည်သွင်းယူပေးခဲ့ပါတယ်။ 

သို့သော်လည်း ပဲလေ့စ်တို့ နောက်ထပ် ဂိုးတွေထပ်မံသွင်းယူနိုင်ခြင်းမရှိတော့တာကြောင့် အာဆင်နယ်ကပဲ ၃-၂ ဆိုတဲ့ရလဒ်နဲ့အတူ ဆီမီးဖိုင်နယ်သို့ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။ နောက်ထပ်ပွဲစဉ်မှာတော့ နယူးကာဆယ်က ဘရန့်ဖို့ဒ်ကို အိမ်ကွင်းပရိသတ်တွေအရှေ့မှာ ဂိုးပြတ်အနိုင်ယူပြီး ဆီမီးဖိုင်နယ်သို့ တက်လှမ်းခဲ့ပါတယ်။ ပွဲအစ ၉ မိနစ်မှာပဲ တိုနာလီရဲ့ဂိုးနဲ့ ဘရန့်ဖို့ဒ်ကိုဦးဆောင်နိုင်ခဲ့တဲ့ နယူးကာဆယ်ဟာ ပွဲကို သက်တောင့်သက်သာပဲထိန်းချုပ်ခဲ့ပြီး အီတလီသားရဲ့နောက်ထပ်သွင်းဂိုးနဲ့အတူ ပထမပိုင်းမှာ ၂-၀ နဲ့ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ 

ဒုတိယပိုင်းမှာလည်း ဘရန့်ဖို့ဒ်ရဲ့တိုက်စစ်က အဆုံးသတ်ပိုင်းညံ့ဖျင်းခဲ့တာကြောင့် ချေပဂိုးပြန်လည်သွင်းယူနိုင်ခြင်းမရှိဘဲ တတိယမြောက်ဦးဆောင်ဂိုးကိုပါ ထပ်မံခွင့်ပြုခဲ့ရပါတယ်။ သို့သော်လည်း ဧည့်သည်အသင်းအတွက် နှစ်သိမ့်ချေပဂိုးတစ်ဂိုးကိုတော့ ပွဲပြီးကာနီး ၉၀+၁ မိနစ်မှာ ဝစ်ဆာက သွင်းယူပေးခဲ့လို့ သွင်းဂိုး ၁ ဂိုးတော့ရရှိခဲ့ပေမယ့် ဘရန့်ဖို့ဒ်တို့ ၃-၁ ဆိုတဲ့ရလဒ်နဲ့အတူ ပြိုင်ပွဲကို လက်ပြနှုတ်ဆက်သွားခဲ့ရပါတယ်။