The network connection is lost.

Banner Image

မန်စီးတီးနဲ့ရင်ဆိုင်ရချိန် လီဗာပူးရဲ့Set-piece နည်းဗျူဟာပိုင်းအောင်မြင်မှုအတွက် လျှို့ဝှက်ချက်ကို ထုတ်ပြောလာတဲ့ အန်းစလော့

မန်စီးတီးကို ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်အတွင်း လီဗာပူးအသင်းရဲ့ အလွတ်တည်ကန်ဘော (Set-piece) အောင်မြင်မှုတွေအတွက် အသင်းနည်းပြအဖွဲ့ဝင်တွေကို အန်းစလော့က ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ပထမပိုင်းပွဲချိန်အတွင်း မိုဆာလက်၊ ဆိုဘိုဆလိုင်းတို့ သွင်းယူခဲ့တဲ့ဂိုးတွေနဲ့ လီဗာပူးက မန်စီးတီးကို သက်သောင့်သက်သာအနိုင်ယူကာ အနီးဆုံးပြိုင်ဘက်အာဆင်နယ်ကို ၁၁ မှတ်ဖြတ်ပြီး အမှတ်ပေးဇယားဦးဆောင်သူအဖြစ် ပြတ်ပြတ်သားသားရပ်တည်နိုင်ခဲ့ပါတယ်။ အခုပွဲစဉ်အတွက် အဖွင့်ဂိုးမှာဆိုရင် မက်အယ်လစ္စတာရဲ့ထောင့်ကန်ဘောပေးပို့မှုကို ဆိုဘိုဆလိုင်းတဆင့်ခံကာ မိုဆာလက်ဆီ ဘောလုံးအရောက်ပေးပို့နိုင်ခဲ့ပြီး ဒါက အကောင်းဆုံးလေ့ကျင့်ထားမှုရဲ့ရလဒ်တစ်ခုဖြစ်တယ်ဆိုတာ ပြသသွားခဲ့ပါတယ်။ 

ပွဲစဉ်အပြီး Sky Sports သတင်းဌာနနဲ့တွေ့ဆုံချိန် အန်းစလော့က အလွတ်တည်ကန်ဘောနည်းဗျူဟာပိုင်းမှာ ဘယ်လောက်အထိ အသုံးဝင်ခဲ့သလဲဆိုတာ ထုတ်ဖော်ပြောပြခဲ့ပါတယ်။ သူက “ ပွဲကြီးပွဲကောင်းတစ်ခုမှာ အနိုင်ရရှိချင်တယ်ဆိုရင် ဂိုးသွင်းယူနိုင်ဖို့နဲ့ ဂိုးပြန်မပေးရဖို့ လိုအပ်ပါတယ်။ မန်စီးတီးကိုလည်း သူတို့တွေ ပုံမှန်လိုမျိုး အခွင့်အရေးကောင်းတွေ မဖန်တီးနိုင်အောင် ကျွန်တော်တို့ ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

သူတို့တွေ ဘယ်လိုပုံစံမျိုးနဲ့ ကစားကွက်ခင်းကျင်းသလဲဆိုတာ ကျွန်တော်တို့ လေ့လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ တစ်စုံတစ်ဦးက အရမ်းကောင်းတဲ့အစီအမံတစ်ခုကို ချပြခဲ့ပါတယ်။ ဒါကြောင့် ဒီနေရာမှာ နေရာလွတ်တစ်ခု ရှိလာနိုင်တယ်ဆိုတာ ကျွန်တော်တို့ သိထားခဲ့ပါတယ်။ ကျွန်တော်တို့က ပွဲကိုစိုးမိုးထားနိုင်ခြင်းမရှိလို့ အခုလို လူထိပြီးဂိုးဝင်သွားခြင်းကလည်း အကူအညီဖြစ်စေခဲ့ပါတယ်။

ပထမပိုင်းမှာ ဂိုးသွင်းယူနိုင်ခြင်းမှလွဲလို့ မန်စီးတီးက ကျွန်တော်တို့ထက် ပိုကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ မန်စီးတီးအတွက် အခွင့်အရေးကောင်းတွေ အများကြီးမရရှိခဲ့ဘူးလို့ ထင်မိပေမယ့် သူတို့တွေ ဂိုးပြန်သွင်းလိမ့်မယ်လို့လည်း ခံစားမိခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်အများစုမှာတော့ သူတို့တွေ အခွင့်အရေးကောင်းရရှိခဲ့သလားဆိုတာ ကျွန်တော်လည်း မမှတ်မိတော့ပါဘူး။

အကောင်းဆုံးပုံစံကတော့ ကိုယ်က အခြားအသင်းတွေထက် ဘောလုံးပိုင်ဆိုင်မှု ပိုမိုရရှိနေခြင်းပါပဲ။ ဒါပေမယ့် မန်စီးတီးကတော့ ဘောလုံးပိုင်ဆိုင်မှုအသာပေးကစားရတာကို အလွန်သဘောတွေ့ပြီး ဘောလုံးနဲ့အတူ သက်သောင့်သက်သာကစားနိုင်စွမ်းလည်း ရှိပါတယ်။ ဒါကြောင့် သူတို့ကို အနိုင်ရရှိဖို့အတွက် တစ်ခုတည်းသောအခွင့်အလမ်းက ခံစစ်ကို အကောင်းဆုံးကစားနိုင်ခြင်းပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။ မာဆေးဆိုဒ်ကလပ်အသင်းက လာမယ့်ဗုဒ္ဓဟူးနေ့၊ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အန်ဖီးလ်မှာ နယူးကာဆယ်ကို ဧည့်ခံကစားရပါမယ်။