
ပါတေးနဲ့ လမ်းခွဲဖို့သာဆုံးဖြတ်ထားတဲ့ အာဆင်နယ်
အာဆင်နယ်ဟာ အဓိကကွင်းလယ်လူ သောမတ်စ်ပါတေးကို အသင်းမှာဆက်လက်ထိန်းသိမ်းဖို့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပေမယ့် သဘောတူညီမှုမရခဲ့တာကြောင့် ယခုအခါမှာတော့ လမ်းခွဲဖို့သာ ဆုံးဖြတ်ထားတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီမှာ ပါတေးဟာ နည်းပြကြီး မီခေးလ်အာတီတာရဲ့ စိတ်ကြိုက်ကစားသမားဖြစ်ခဲ့ပြီး ပြိုင်ပွဲစုံ ၅၂ ပွဲအထိပါဝင်ကစားခဲ့ကာ ဂိုးပါဝင်ပတ်သက်မှု ၇ ကြိမ်အထိပြုလုပ်နိုင်ခဲ့ပါတယ်။ သို့သော်လည်း ကစားသမားဟာ အသင်းနဲ့စာချုပ်ကုန်ဆုံးမယ့် ဒီအပတ် တနင်္လာနေ့မှာပဲ အမ်းမရိတ်စ်မှထွက်ခွာသွားတော့မှာဖြစ်ပါတယ်။
၂၀၂၀ ခုနှစ် အောက်တိုဘာလမှာ အက်သလက်တီကိုမှ အာဆင်နယ်သို့စတင်ပြောင်းရွှေ့လာခဲ့တဲ့ ပါတေးဟာ အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမားတစ်ဦးဖြစ်လာခဲ့ပြီး ၅ နှစ်အတွင်း ပရီးမီးယားလိဂ်မှာခြေစွမ်းပြသကစားနိုင်ခဲ့ပါတယ်။ သို့သော်လည်း ဆုဖလားအောင်မြင်မှုအနေနဲ့တော့ ပါတေးဟာ ၂၀၂၃ ခုနှစ် ကွန်မြူနတီဒိုင်းတစ်ခုတည်းကိုသာ ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။
အသင်းမှ ပါတေးထွက်ခွာသွားတော့မှာဖြစ်လို့ ယခုအခါမှာ အာဆင်နယ်ဟာ ကွင်းလယ်ပိုင်းကို ပြန်လည်အင်အားဖြည့်တင်းဖို့အတွက် ရီးရဲလ်ဆိုစီဒက်ကွင်းလယ်လူ ဇူဘီမန်ဒီနဲ့ ဘရန့်ဖို့ဒ်ကြယ်ပွင့် ခရစ်ရှင်နော်ဂတ်တို့ကို ခေါ်ယူနိုင်ဖို့အမြန်ဆုံးလုပ်ဆောင်နေပြီလို့သိရပါတယ်။ ဒါ့အပြင်အာဆင်နယ်ဟာ လိုက်ပ်ဇစ်တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ခိုနဲ့ စပို့တင်းတိုက်စစ်မှူး ဗစ်တာဂျိုကာရက်စ်တို့ကိုလည်း ချိတ်ဆက်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ဆုဖလားကို ဆက်လက်စိန်ခေါ်ဖို့အတွက် အာတီတာဟာ အသင်းရဲ့တိုက်စစ်ပိုင်းကို အဓိက အင်အားဖြည့်တင်းလိုနေတာလည်းဖြစ်ပါတယ်။ လာမယ့်ဇူလိုင်လမှာတော့ အာဆင်နယ်ဟာ ခြေစမ်းပွဲစဉ်တွေကစားဖို့ အာရှကိုခရီးထွက်ခွာသွားမှာဖြစ်ပြီး စင်္ကာပူနဲ့ ဟောင်ကောင်တို့မှာ အေစီမီလန်၊ နယူးကာဆယ်၊ တော့တင်ဟမ်တို့နဲ့ ထိပ်တိုက်တွေ့ဆုံသွားပါမယ်။