The network connection is lost.

Banner Image

အင်္ဂလန်ကိုရှုူံးနိမ့်ခဲ့ပေမယ့် အသင်းအတွက်ဂုဏ်ယူမိတယ်လို့ပြောကြားလာတဲ့ ဆလိုဗက်ကီးယားနည်းပြ

ဆလိုဗက်ကီးယားနည်းပြ ဖရန်ဆက်စကိုကယ်လ်ဇိုနာက ယမန်နေ့ညက ယူရိုရှုံးထွက် ၁၆ သင်းအဆင့်ပွဲစဉ်မှာ အင်္ဂလန်ကို နောက်ကျသွင်းဂိုးတွေနဲ့ရှုံးနိမ့်ခဲ့ရတာကြောင့် ဝမ်းနည်းရသော်လည်း ပရိသတ်တွေအနေနဲ့ အသင်းရဲ့ ကြိုးစားအားထုတ်မှုအတွက်ဂုဏ်ယူသင့်တယ်လို့ ပြောကြားလာခဲ့ပါတယ်။ ယခုပွဲစဉ်မှာ ဆလိုဗက်ကီးယားဟာ ပြီးခဲ့တဲ့ ၂၀၂၀ ယူရိုပြိုင်ပွဲမှာ ဗိုလ်လုပွဲတက်လှမ်းထားနိုင်ခဲ့ပြီး ဒီနှစ်မှာဗိုလ်စွဲဖို့ ထိပ်ဆုံးကရေပန်းစားနေတဲ့ အင်္ဂလန်ကို ဦးဆောင်ဂိုးစောစောစီးစီးသွင်းယူကာ အခက်တွေ့စေခဲ့ပြီး ပွဲပြီးကာနီးမှသာ ကြေကွဲဖွယ်ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ ကံကောင်းခဲ့တဲ့အင်္ဂလန်ဟာ ပွဲပြီးကာနီး ၉၀+၅ မိနစ်မှသာ ဘယ်လင်ဟမ်ကြောင့် ချေပဂိုးပြန်လည်ရရှိခဲ့ပြီး အချန်ပိုမှာတော့ ဟယ်ရီကိန်းရဲ့ခေါင်းတိုက်သွင်းဂိုးနဲ့အတူ အနိုင်ရခဲ့တာဖြစ်ပါတယ်။ 

ပွဲအပြီးမှာတော့ ကယ်လ်ဇိုနာက သူ့ရဲ့အသင်းဟာ နာကျင်စရာကောင်းတဲ့ရှုံးနိမ့်မှုမျိုးကို လက်ခံနိုင်ဖို့ခက်ခဲပေမယ့် အသင်းရဲ့စွမ်းဆောင်ရည်ကြောင့် အရှုံးကို ရှက်စရာမလိုဘဲ ခေါင်းကို မတ်မတ်ထားပြီး အိမ်ပြန်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ကယ်လဇိုနာက “ကျွန်တော်တို့အနေနဲ့ ဒီပြိုင်ပွဲမှာရှိနေတဲ့အသင်းအားလုံးကို အနိုင်ကစားနိုင်တဲ့ အသင်းနဲ့တွေ့ခဲ့ရလို့ ဒီရလဒ်အပေါ် အပြစ်ပြောစရာတော့မရှိပါဘူး။ ကျွန်တော်တို့အများကြီးလုပ်ပြနိုင်ခဲ့တယ်။ အရမ်းလည်းကောင်းခဲ့ပါတယ်။ ပြိုင်ဘက်ကို အခွင့်အရေးတွေအများကြီးမပေးခဲ့ရဘဲ နောက်တစ်ဆင့်ကိုထပ်တက်နိုင်ဖို့ ခြေတစ်လှမ်းလှမ်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဆုံးသတ်ကတော့ စိတ်မကောင်းစရာပါပဲ” 

“ကျွန်တော်တို့လိုအသင်းမျိုးက ဒီပြိုင်ပွဲမှာ ဒီလောက်အထိစွမ်းဆောင်နိုင်ခဲ့တာ ဂုဏ်ယူစရာပါပဲ။ ဒီအသင်းရဲ့နည်းပြဖြစ်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ တကယ်ကောင်းတဲ့အသင်းပါ။ စိတ်ဓာတ်ပိုင်းနဲ့ ကြိုးစားအားထုတ်မှုပိုင်းမှာလည်း စံထားလောက်ပါတယ်။ ဒီအသင်းပေးခဲ့တဲ့ စိတ်ကျေနပ်မှုတွေက ကျွန်တော့်အတွက်တော့ အရမ်းကြီးမားပါတယ်” လို့ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ကယ်လ်ဇိုနာက ဆလိုဗက်ကီးယားဟာ ပွဲချိန်ရဲ့အများစုကို ဦးဆောင်ကစားနိုင်ခဲ့သော်လည်း အသေးစိတ်အချက်အလက်လေးတစ်ချို့ကြောင့်သာ ရှုံးနိမ့်ခဲ့တာဖြစ်တယ်လို့ဆိုပါသေးတယ်။ နည်းပြက “ကျွန်တော်တို့ ဒီပြိုင်ပွဲမှာ အသင်းတိုင်းကို တန်းတူကစားနိုင်ခဲ့ပြီး ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့ အင်္ဂလန်လိုအသင်းမျိုးနဲ့ပွဲမှာလည်း အခွင့်အရေးကောင်း ၃ ကြိမ်အထိရခဲ့ပါတယ်။ ရလဒ်ကြောင့် ကစားသမားတွေဝမ်းနည်းစိတ်ပျက်ရပေမယ့် ကွာတားဖိုင်နယ်ကိုရောက်တော့မယ်လို့တော့ မျှော်လင့်ခွင့်ရခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ စက္ကန့်အနည်းငယ်လေးအတွင်းမှာပဲ မျှော်လင့်ချက်တွေပျောက်ကွယ်သွားခဲ့ပေမယ့် ဒါကဘောလုံးပါ။ ဒါကိုလက်ခံလိုက်ကြဖို့ပဲရှိပါတယ်” လို့ပြောကြားခဲ့ပါတယ်။