ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်နိုင်ပါက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်နဲ့ မန်စီးတီးတို့ထက် အသာရနိုင်တယ်ဆိုတဲ့ အယူအဆတွေကို စလော့တုံ့ပြန်
လီဗာပူးနည်းပြ အန်းစလော့က သူ့ရဲ့အသင်းအနေနဲ့ ချန်ပီယံလိဂ်အမှတ်ပေးဇယားရဲ့ ထိပ်ဆုံး ၈ သင်းနေရာမှာ ရပ်တည်နိုင်ပြီး ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်နိုင်ပါက ခြေစစ်ပွဲ ၂ ပွဲကိုရှောင်လွှဲနိုင်မှာဖြစ်လို့ ခြေစစ်ပွဲ ၂ ပွဲကစားရနိုင်တဲ့ အာဆင်နယ်နဲ့ မန်စီးတီးတို့ကို ပရီးမီးယားလိဂ်မှာ အသာရနိုင်တယ်ဆိုတဲ့ အယူအဆတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။
လက်ရှိအချိန်မှာ လီဗာပူးဟာ ချန်ပီယံလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁ နေရာမှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ ရပ်တည်နေပြီး အာဆင်နယ်ကတော့ အဆင့်၇ နဲ့ မန်စီးတီးကတော့ အဆင့် ၁၇ နေရာမှာအသီးသီး ရပ်တည်ထားကြတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ၄ မှတ်ဖြတ်ဦးဆောင်ထားနိုင်တဲ့ လီဗာပူးအနေနဲ့ ချန်ပီယံလိဂ်မှာလည်း နောက်တစ်ဆင့်ကို တိုက်ရိုက်တက်ရောက်နိုင်ဖို့ အကောင်းဆုံးအခွင့်အရေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
သို့သော်လည်း စလော့ကတော့ လီဗာပူးသာမက အာဆင်နယ်နဲ့ မန်စီးတီးတို့ကလည်း ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့်ကို ထိပ်ဆုံး ၈ သင်းနေရာမှာ ရပ်တည်ပြီး တိုက်ရိုက်တက်ရောက်လာနိုင်တယ်လို့ဆိုပါတယ်။ “ကျွန်တော်တို့ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံး ၈ သင်းနေရာမှာ ရပ်တည်နိုင်မယ်ဆိုရင်၊ အခြား အာဆင်နယ်နဲ့ မန်စီးတီးတို့ကလည်း ကျွန်တော်တို့နဲ့အတူ ထိပ်ဆုံး ၈ သင်းနေရာမှာ ပါဝင်နိုင်မယ်လို့ ထင်ပါတယ်။ အာဆင်နယ်က ၉၅ ရာခိုင်နှုန်းလောက်သေချာပြီး၊ မန်စီးတီးကလည်း ၃ ပွဲဆက်တိုက်အနိုင်ရဖို့ ဖြစ်နိုင်တာကြောင့် ထိပ်ဆုံး ၈ သင်းမှာပါဝင်နိုင်ပါသေးတယ်”
“ထိပ်ဆုံး ၈ သင်းမှာပါဝင်နိုင်မယ်ဆိုရင် ၂ ပွဲအထိ လျှော့ချနိုင်မှာဖြစ်လို့ အတော်လေးအကျိုးရှိစေမှာတော့ သေချာပါတယ်။ ကျွန်တော်တို့ကတော့ တတ်နိုင်သလောက် ထိပ်ဆုံးနေရာကိုရအောင်ထိန်းသိမ်းသွားမှာပါ။ ကျွန်တော်တို့ လက်ရှိအချိန်မှာ ၃ ရက် ၁ ပွဲကစားနေရလို့ ခက်ခဲမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ ဒါပေမယ့် ရလဒ်ပိုင်းမှာတော့ ကျွန်တော်တို့ ကောင်းကောင်းပုံဖော်ထားနိုင်ပါတယ်။ ကျွန်တော်တို့ နောက်တစ်ဆင့်ကို ကျော်ဖြတ်နိုင်ဖို့အတွက်လည်း ကြိုတင်စဉ်းစားထားပါတယ်” လို့ပြောကြားခဲ့ပါတယ်။
မနက်ဖြန်မနက် ဂျီရိုနာနဲ့ ယှဉ်ပြိုင်သွားရမယ် ပွဲစဉ်မှာသာ အနိုင်ရခဲ့မယ်ဆိုရင် လီဗာပူးဟာ ကလပ်သမိုင်းတစ်လျှောက် ဒုတိယအကြိမ်အဖြစ် ချန်ပီယံလိဂ်အဖွင့် ၆ ပွဲဆက်တိုက်အနိုင်ရတဲ့ မှတ်တမ်းကို ထပ်မံပိုင်ဆိုင်သွားဦးမှာဖြစ်ပါတယ်။ ၂၀၂၁-၂၂ ရာသီမှာ လီဗာပူးဟာ ချန်ပီယီလိဂ်အဖွင့် ၇ ပွဲဆက်တိုက်အနိုင်ရခဲ့ဖူးတာဖြစ်ပါတယ်။ ဒါ့အပြင် ယခုပွဲစဉ်မှာ လီဗာပူးဟာ တံကောက်ကြောဒဏ်ရာကြောင့် အသင်းရဲ့ပွဲစဉ် ၁၁ ပွဲအထိလွဲချော်ထားခဲ့တဲ့ ဂိုးသမား အလီဆန်ဘက်ကာကိုလည်း ထည့်သွင်းအသုံးပြုနိုင်ချေရှိနေပါတယ်။
အလီဆန်နေရာမှာ အစားထိုးဝင်ရောက်နေတဲ့ ခယ်လာဟာကလည်း လက်စွမ်းကောင်းကို ပြသထားနိုင်ပြီး မန်စီးတီး၊ ရီးရဲလ်မက်ဒစ်တို့နဲ့ ကစားခဲ့ရတဲ့ ပွဲစဉ်တွေပါအဝင် ဂိုးမပေးရတဲ့ပွဲ ၅ ပွဲအထိ ဖော်ဆောင်ထားနိုင်ခဲ့ပါတယ်။သို့သော်လည်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က နယူးကာဆယ်ကို ၃-၃ နဲ့သရေကျခဲ့တဲ့ပွဲစဉ်မှာတော့ အမှားအယွင်းအချို့ပြုလုပ်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
အလီဆန်ပွဲထွက်ကစားနိုင်မယ့်အကြောင်းကို စလော့က “ဘရာဇီးလက်ရွေးစင်အသင်းအတွက်ရော ကျွန်တော်တို့အသင်းအတွက်ပါ နှစ်ပေါင်းများစွာ လက်စွမ်းပြခဲ့တဲ့ အလီဆန်ကို ပြန်ရလိုက်တာ ဝမ်းသာစရာပါ။ သူ့ရဲ့ပုံမှန်လက်စွမ်းကို ဆက်လက်ပြသနိုင်မယ်လို့မျှော်လင့်ပါတယ်။ တစ်ဖက်မှာ ခယ်လာဟာကလည်း အကောင်းဆုံးလုပ်ထားနိုင်လို့ ကျွန်တော်တို့မှာ ဂိုးသမားကောင်း ၂ ယောက်အပြိုင်ဖြစ်နေတယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် အလီဆန်က နှစ်ပေါင်းများစွာ အသင်းအတွက် အကောင်းဆုံးလုပ်ပြထားနိုင်လို့ လာမယ့်ပွဲစဉ်တွေမှာလည်း ပုံမှန်အတိုင်းဆက်ရှိမယ်လို့ မျှော်လင့်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။