
အင်္ဂလန်မြေမှသေချာပေါက်ထွက်ခွာသွားမယ့်အကြောင်း ဖွင့်ဟလာတဲ့ အဲရစ်ဆင်
မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်တဲ့ ဝါရင့်ကွင်းလယ်လူ ခရစ်ရှင်အဲရစ်ဆင်က သူဟာ ကစားသမားဘဝ စိန်ခေါ်မှုအသစ်တွေနဲ့ ကြုံတွေ့ရဖို့ အင်္ဂလန်မြေကိုစွန့်ခွာပြီး အခြားနိုင်ငံမှာ သွားရောက်ကစားမှာဖြစ်ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
ကစားသမားဘဝကို ပရီးမီးယားလိဂ်မှာပဲ ကာလရှည်ဖြတ်သန်းခဲ့တဲ့ အဲရစ်ဆင်ဟာ ယခုအခါမှာတော့ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။ ဒိန်းမတ်လက်ရွေးစင်ဟာ ၂၀၁၃ ခုနှစ်မှာ တော့တင်ဟမ်နဲ့စတင်ချိတ်ဆက်ကာ ပရီးမီးယားလိဂ်သို့ရောက်ရှိလာခဲ့ပြီး ဘရန့်ဖို့ဒ်နဲ့ ယူနိုက်တက်တို့မှာ ဆက်လက်ကစားခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အသက်-၃၃ နှစ်အရွယ် စွယ်စုံရကွင်းလယ်လူကို ဒိန်းမတ်ထိပ်သီးကလပ်တွေအပြင် အသင်းဟောင်း အေဂျက်စ်နဲ့ ဝရက်ဇ်ဟမ်းတို့ကလည်း ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဝရက်ဇ်ဟမ်းဟာ နောက်ရာသီချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရထားပေမယ့် အဲရစ်ဆင်ကတော့ အင်္ဂလန်ပိုင်နက်ဖြစ်တဲ့ ဝေးလ်သို့ရွှေ့ပြောင်းလိုခြင်းမရှိဘူးလို့သိရပါတယ်။
ယခုအခါမှာ ကစားသမားက "ကျွန်တော့်ကိုချိတ်ဆက်နေတဲ့အသင်းတွေတော့ရှိပါတယ်။ ဒါပေမယ့် ကောလာဟလတွေကများပါတယ်။ စိတ်ဝင်စားနေတဲ့အသင်းတွေရှိပေမယ့် စာချုပ်ချုပ်ဖို့တော့ နီးစပ်နေတာမျိုးမရှိပါဘူး။လောလောဆယ်မှာကျွန်တော်က နိုင်ငံတကာပွဲစဉ်တွေကစားဖို့ပဲ အာရုံစိုက်နေပြီး နွေရာသီအားလပ်ရက်ကို သက်တောင့်သက်သာဖြတ်သန်းသွားပါမယ်။ ပြီးရင်တော့ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ကြတာပေါ့"
"ကျွန်တော် ပရီးမီးယားလိဂ်ကနေထွက်ခွာဖို့ ဆန္ဒရှိပါတယ်။ ပရီးမီးယားလိဂ်ကို ပြန်လာခဲ့ပြီးပြီဆိုတော့ အင်္ဂလန်နဲ့ဝေးတဲ့နေရာမှာကစားဖို့ ရည်ရွယ်ထားပါတယ်။ ကျွန်တော် တော့တင်ဟမ်ကနေ အင်တာမီလန်ကိုပြောင်းတော့ အင်္ဂလန်ကိုပြန်လာဖို့ အစီအစဉ်မရှိခဲ့ပါဘူး။ ဒါပေမယ့် ၃ နှစ်ခွဲလောက်ကြာတော့ ကျွန်တော် အင်္ဂလန်ကိုပြန်ရောက်လာခဲ့တာပါပဲ။ ဒါကြောင့် ဘာတွေဖြစ်လာမယ်ဆိုတာ ကြိုမသိရပါဘူး။ ပရီးမီးယားလိဂ်ကနေထွက်ခွာဖို့ကတော့ သေချာသလောက်ပါပဲ" လို့ပြောကြားခဲ့ပါတယ်။
အဲရစ်ဆင်ဟာ ယူနိုက်တက်ကစားသမားဘဝ နောက်ဆုံးပွဲစဉ်မှာ အက်စတွန်ဗီလာနဲ့ရင်ဆိုင်ခဲ့ရပြီး ပရိသတ်တွေအတွက် ပင်နယ်တီမှတစ်ဆင့် နှုတ်ဆက်သွင်းဂိုးရယူပေးနိုင်ခဲ့ပါတယ်။ သို့သော်လည်း ဒိန်းမတ်သားဟာ ယူနိုက်တက်ရဲ့ အာရှခရီးစဉ်ကိုတော့ လိုက်ပါခဲ့ခြင်းမရှိပါဘူး။
ကလပ်ကစားသမားဘဝအနာဂတ်က သေချာမရေရာဖြစ်နေပေမယ့် အဲရစ်ဆင်ဟာ ဒိန်းမတ်လက်ရွေးစင်အသင်းမှာတော့ ရွေးချယ်ခံထားရဆဲဖြစ်ပြီး ယခုလအတွင်း မြောက်အိုင်ယာလန်၊ လစ်သူရေးနီးယားတို့နဲ့ယှဉ်ပြိုင်သွားမယ့် ခြေစမ်းပွဲစဉ်တွေမှာ ပါဝင်ကစားသွားဖွယ်ရှိပါတယ်။