
ဖလိုရီယန် ဝါ့ဇ်နဲ့ နစ်ခ် ဝေါလ်တီမေဒီတို့ အပြောင်းအရွှေ့တွေအပေါ် စိုးရိမ်ပူပန်နေတဲ့ ဘောလက်ခ်
ဘိုင်ယန် လေဗာကူဆင်ကနေ လီဗာပူးကို ပြောင်းရွှေ့ခဲ့တဲ့ ဖလိုရီယန် ဝါ့ဇ်အတွက် ပြောင်းရွှေ့ကြေးဟာ ပေါင် ၁၁၆ သန်းအထိ ကုန်ကျခဲ့ပါတယ်။အပြောင်းအရွှေ့ဈေးကွက်မှာ နောက်ပိုင်းမှာ ဝေါလ်တီမေဒီကိုလည်း စတုဂတ်အသင်းကနေ နယူးကာဆယ်အသင်းက အပိုဆုကြေး ပေါင် ၄.၃ သန်းအပါအဝင် စုစုပေါင်း ပေါင် ၆၅ သန်းနဲ့ ခေါ်ယူသွားခဲ့ပါတယ်။
လီဗာပူးကစားသမားသစ် ဝါ့ဇ်က အသက် ၂၂ နှစ်ရှိပြီး နယူးကာဆယ်ကစားသမား ဝေါလ်တီမေဒီက အသက် ၂၃ နှစ်ရှိပါတယ်။ ဒါကြောင့် ဂျာမနီဘောလုံးလောကရဲ့ မျှော်လင့်ချက် လူငယ်စတား နှစ်ဦးဟာ ဘွန်ဒက်စ်လီဂါကနေ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။
၂၀၀၆ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ ချဲလ်ဆီးအတွက် ကစားခဲ့တဲ့ ဘောလက်ခ်ဟာ သူတို့ရဲ့ ငွေကြေးအပြောင်းအရွှေ့အတွက် အံ့သြစရာမရှိပေမဲ့ ဂျာမနီဘောလုံးလောကရဲ့ အခြေအနေအတွက်တော့ စိုးရိမ်မိနေပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဝါ့ဇ်နဲ့ ဝေါလ်တီမေဒီ နှစ်ဦးလုံးကို စိတ်ဝင်စားခဲ့ပေမဲ့ ပရီးမီးယားလိဂ်ကလပ်အသင်းတွေက ငွေကြေးတွေ ပုံအောပြီး ခေါ်ယူသွားတဲ့အတွက် သူတို့နှစ်ဦးလုံးကို လက်လွှတ်လိုက်ရပါတယ်။
ဂျာမနီအသင်းအတွက် ၉၈ ပွဲကစားထားတဲ့ ဘောလက်ခ်က ဘွန်ဒက်စ်လီဂါရဲ့ အကောင်းဆုံးအသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်တောင် ပရီးမီးယားလိဂ်ရဲ့ ငွေကြေးနဲ့ ယှဉ်ပြိုင်နိုင်ဖို့ ရုန်းကန်နေရတာဟာ အားနည်းချက်တစ်ခုဖြစ်တယ်လို့ ခံစားရပါတယ်။
“အင်္ဂလိပ်ကလပ်တွေကတော့ ကြေးတွေ အများကြီးပေးပြီး ခေါ်ယူကြတာပါ။ ဒါပေမဲ့ ဝါ့ဇ်အတွက်ဆိုရင် ဘိုင်ယန်ကလည်း ပေါင် ၈၆.၅ သန်းအထိ ကမ်းလှမ်းဖို့ ပြင်ဆင်ထားပါတယ်” “နစ်ခ် ဝေါလ်တီမေဒီနဲ့ ပတ်သက်ရင်တော့ အခြေအနေကတော့ နည်းနည်းကွဲပြားပါတယ်။ ဘိုင်ယန်မှာတော့ ငွေရေးကြေးရေးအတွက် သတ်မှတ်ဘတ်ဂျက်တစ်ခုရှိပါတယ်။ အသင်းက ဆယ်စုနှစ်များစွာ အကြွေးကင်းအောင်နဲ့ ကြီးမားလာအောင် နေနိုင်ခဲ့တာပါ"
"ဒါကြောင့် ဘိုင်ယန်မြူးနစ်အနေနဲ့ ဝေါလ်တီမေဒီအတွက် ပေါင် ၄၇.၅ သန်းအထက် ပေးဖို့ မဆုံးဖြတ်ခဲ့တာကို ကျွန်တော်နားလည်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့အတွက် ဒီကစားသမားဟာ ဒီလောက်တန်ဖိုးရှိတာမျိုး မဟုတ်ပါဘူး”
“ဒါပေမဲ့ အခြေခံအားဖြင့်တော့ ကျွန်တော် နောက်တစ်ချက်ကို စိုးရိမ်မိပါတယ်။ ဥပမာ ဝါ့ဇ်ကိုကြည့်မယ်ဆိုရင် ဘိုင်ယန်မှာ နောက်ထပ် ၂ နှစ် ဒါမှမဟုတ် ၃ နှစ်လောက် ဘွန်ဒက်စ်လီဂါမှာ ကစားတာက သူ့ရဲ့တိုးတက်မှုအတွက် အဓိပ္ပာယ်ရှိပါ့မလား”
“ဟုတ်ပါတယ်၊ သူ ဘိုင်ယန်မှာဆိုရင် ချန်ပီယံဆုတွေ ရနိုင်ပါတယ်။ ဒါပေမဲ့ ဘွန်ဒက်စ်လီဂါက အမြင့်ဆုံးအဆင့်မှာ သူ့အတွက် စိန်ခေါ်မှုတစ်ခုဖြစ်နေတုန်းပဲလား။ မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ဘွန်ဒက်စ်လီဂါဟာ ပရီးမီးယားလိဂ်ရဲ့ နောက်မှာ နှစ်ပေါင်းများစွာကတည်းက ကျန်ခဲ့တာပါ"
"ဒါက အမှန်တရားပါပဲ။ ဒါကြောင့်လည်း အမှန်တကယ် ထိပ်တန်းကစားသမားတွေအတွက် ဘွန်ဒက်စ်လီဂါဟာ ဆွဲဆောင်မှုမရှိတော့ပါဘူး။ ဒါကြောင့် အပြောင်းအလဲတွေ လုပ်ဖို့လိုအပ်နေပါပြီ” လို့ ဘောလက်ခ်က ရှင်းပြခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ရဲ့ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌဖြစ်သူ အူလီ ဟိုးနက်စ်ကလည်း အပြောင်းအရွှေ့နှစ်ခုအပေါ်မှာ ပရီးမီးယားလိဂ်ကလပ်တွေ အသုံးပြုနိုင်တဲ့ ငွေကြေးပမာဏကို ဝေဖန်ခဲ့ပါတယ်။
“ဝေါလ်တီမေဒီက ယူရို သန်း ၉၀ တန်ဖိုးရှိတဲ့ ကစားသမားမဟုတ်ပါဘူး။ ဒါက ဆော်ဒီအာရေးဗျက စီးဆင်းလာတဲ့ ငွေကြေးတွေကြောင့်သာ ဖြစ်ခဲ့တာပါ” လို့ 'Sport1 Dopa' ကို ဟိုးနက်စ်က ပြောကြားခဲ့ပါတယ်။ ပရီးမီးယားလိဂ်အသင်းတွေက ပေးချေတဲ့ ဈေးနှုန်းတွေ မြင့်တက်လာတဲ့အပေါ်မှာလည်း ယေဘုယျအားဖြင့် သူက ထပ်မံပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့လည်း ဖလိုရီယန် ဝါ့ဇ်ကို ခေါ်ယူချင်ခဲ့တာပါ။ ဒါပေမဲ့ သူ့အတွက် ယူရို သန်း ၁၅၀ ပေးပြီး ဘယ်တော့မှ ခေါ်ယူမှာမဟုတ်ပါဘူး”
“ကျွန်တော်တို့ ဝေါလ်တီမေဒီကို ခေါ်ယူချင်ခဲ့ပါတယ်။ ကျွန်တော်တို့က ယူရို သန်း ၅၅ ကမ်းလှမ်းခဲ့ပေမဲ့ စတုဂတ်အသင်းက ယူရို ၇၅ သန်းလိုချင်ခဲ့ပါတယ်။ အခုတော့ သူ့ကို နယူးကာဆယ်က ယူရို သန်း ၉၀ နီးပါးနဲ့ ရောင်းချလိုက်ပုံရပါတယ်”
“ဒါပေမဲ့ နယူးကာဆယ်လုပ်နေတာက ဘောလုံးနဲ့ ဘာမှမဆိုင်ပါဘူး။ ဒါက မိုနိုပိုလီ ကစားတာနဲ့တူပါတယ်။ ပြီးတော့ ဆော်ဒီက သူဌေးတစ်ဦး ရောက်လာပြီး မင်း ဝယ်နိုင်ပါပြီ” လို့ ပြောကြားခဲ့ပါတယ်။
ဝါ့ဇ်ကတော့ လီဗာပူးရဲ့ ရာသီအဖွင့် ပရီးမီးယားလိဂ် ၃ ပွဲလုံးမှာ ဝင်ကစားထားပြီးပါပြီ။ ဝေါလ်တီမေဒီကတော့ စနေနေ့မှာ ဝုဗ်အသင်းနဲ့ အိမ်ကွင်းပွဲမှာ နယူးကာဆယ်အတွက် ပွဲဦးထွက်ပွဲအဖြစ် ကစားခွင့်ရဖို့ မျှော်လင့်နေပါတယ်။
နယူးကာဆယ်နည်းပြ အက်ဒီ ဟောင်းကတော့ ကစားသမားသစ်ဟာ အသင်းသစ်နဲ့ ပရီးမီးယားလိဂ်ကို အသားကျဖို့ အချိန်ယူရမှာဖြစ်တဲ့အတွက် သူ့ကို စိတ်ရှည်သည်းခံဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။
“အံဝင်ခွင်ကျဖြစ်ဖို့အတွက် အချိန်အပိုင်းအခြားတစ်ခုရှိလာမှာပါ။ ကျွန်တော်တို့အားလုံးလည်း ဒီအပေါ်မှာ အများကြီးနားလည်ပေးရမှာပါ။ ကစားသမားတွေအတွက် အသင်းထဲကို ဝင်လာဖို့က ခက်ခဲပါတယ်”
“သူက ကျွန်တော်တို့နဲ့အတူ ရာသီကြို လေ့ကျင့်မှု မလုပ်ခဲ့ရပါဘူး။ ဒီလိုအချိန်မှာ ပရီးမီးယားလိဂ်မှာ ပိုမိုမြန်ဆန်စွာ သင်ယူနိုင်မှာပါ” “နည်းစနစ်ပိုင်းအရတော့ သူ အရမ်းကောင်းပါတယ်။ ဘောလုံးကွင်းအတွင်းမှာ ကောင်းမွန်စွာ နေနိုင်ပြီး ဂိုးတွေလည်း သွင်းယူနိုင်မှာပါ။ ကျွန်တော်ထင်ပါတယ်၊ အဲဒီအရည်အချင်းတွေက အသင်းအတွက် အထောက်အကူဖြစ်စေမှာပါ” လို့ အက်ဒီ ဟောင်းက ပြောကြားခဲ့ပါတယ်။