
ဖလားလက်မဲ့ဖြစ်ခဲ့တဲ့ အာတီတာဘက်ကနေ ကာကွယ်ပြောကြားခဲ့တဲ့ အန်းစလော့
လီဗာပူးနည်းပြ အန်းစလော့က အာဆင်နယ်နည်းပြ မီကယ်အာတီတာကို ကာကွယ်ပြောဆိုခဲ့ပြီး စပိန်သားဟာ အီမရိတ်စ်ကွင်းမှာ အောင်မြင်မှုတွေရရှိအောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရတာနဲ့ ဖလားလက်မဲ့ဖြစ်နေတာတွေကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
ယနေ့ အန်ဖီးလ်ကွင်းမှာ ကစားမယ့် လီဗာပူးနဲ့ အာဆင်နယ်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင် ချန်ပီယံဆုဖလားကို ရရှိထားတဲ့ လီဗာပူးအသင်းကို အာတီတာရဲ့အသင်းက Guard Of Hounour လုပ်ပေးရမှာဖြစ်ပါတယ်။ စလော့က"မီကယ်ဟာ သူ့အသင်းရဲ့ ကစားပုံနဲ့ပတ်သက်ပြီး အသိအမှတ်ပြုခံရသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ အာဆင်နယ်က နည်းစနစ်မျိုးစုံနဲ့ ကစားနိုင်စွမ်းရှိပါတယ်။ နည်းစနစ်တစ်ခုတည်းနဲ့ ကစားနိုင်အောင်လုပ်ဆောင်တာတောင် အောင်မြင်မှုတစ်ခုပါပဲ၊ ဒါပေမဲ့ မီကယ်ရဲ့အသင်းကတော့ ကွဲပြားတဲ့ပုံစံမျိုးစုံနဲ့ ကစားနိုင်စွမ်းရှိတယ်ဆိုတာ ပီအက်စ်ဂျီနဲ့ ကစားခဲ့တဲ့နှစ်ပွဲမှာ မြင်တွေ့ခဲ့ရပါတယ်"လို့ ပြောခဲ့ပါတယ်။
ဒတ်ခ်ျလူမျိုးနည်းပြက အာဆင်နယ်အသင်းရဲ့ စံပြကစားပုံတွေဖြစ်တဲ့ - စနစ်တကျကစားပုံ၊ ခံစစ်ပိုင်းကောင်းမွန်မှု၊ ဘောလုံးပိုင်ဆိုင်မှု၊ ဖိအားပေးကစားပုံတွေနဲ့ တိုက်စစ်တည်ဆောက်ပုံတွေအကြောင်းကို အလေးပေးပြောကြားခဲ့ပါတယ်။ အန်းစလော့က ဒီလိုမျိုး ကစားကွက်ပြောင်းလဲနိုင်စွမ်းရှိတာဟာ အရင်က တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ဝါရင့်နည်းပြတွေမှာတောင် ရှားပါးတယ်လို့ ပြောပါတယ်။
ဆက်လက်ပြီး အန်းစလော့က"သူတို့က ကစားကွက်ရဲ့ အစိတ်အပိုင်းတိုင်းမှာ ကောင်းမွန်နေတာကြောင့် သူတို့ရဲ့ကစားပုံကို ခန့်မှန်းရခက်ခဲပါတယ်။ ဒီလိုစွမ်းဆောင်ရည်မျိုးရရှိဖို့က နှစ်ပေါင်းများစွာကြာအောင် ကလပ်အသင်းမှာ တာဝန်ထမ်းဆောင်ခဲ့မှရမှာဖြစ်ပြီး ကလပ်အသင်းမှာ ကြာရှည်စွာတာဝန်ယူခဲ့တဲ့ နည်းပြတိုင်းမှာ ဒီလိုစွမ်းရည်မျိုးမရှိပါဘူး။ ဒါက အထူးပါပဲ။ ဒီလိုမျိုးကစားပုံမျိုးကို မကြာခဏမမြင်ရပါဘူး"လို့ ရှင်းပြခဲ့ပါတယ်။