The network connection is lost.

Banner Image

AEKအေသင်ကို ရှုံးနိမ့်ခဲ့သော်လည်း အသင်းရဲ့ကစားသမားတွေကို ချီးကျူးဂုဏ်ပြုခဲ့တဲ့ ဘရိုက်တန်နည်းပြ ဒီဇာဘီ

ဘရိုက်တန်ဟာ ဥရောပပွဲဦးထွက်မှာ ဂရိကလပ် AEK အေသင်ကို ၂-၃ နဲ့ရှုံးနိမ့်ခဲ့သော်လည်း အသင်းနည်းပြ ရောဘတ်တို ဒီဇာဘီက စွမ်းဆောင်ရည်ကောင်းမွန်ခဲ့တဲ့ အသင်းရဲ့ ကစားသမားတွေကို အဝတ်လဲခန်းအတွင်းမှာ ချီူးကျူးဂုဏ်ပြုခဲ့ပါတယ်။

စိုစွတ်ပြီး ကစားရခက်ခဲနေတဲ့ Amex အားကစားကွင်းထဲမှာ ဘရိုက်တန်အသင်းဟာ တစ်ကွင်းလုံးကိုစိုးမိုးပြီး ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့သော်လည်း အေသင်အသင်းက ရရှိလာတဲ့ အခွင့်အရေးအနည်းငယ်ကို ပိုင်ပိုင်နိုင်နိုင်အသုံးချနိုင်ခဲ့တာကြောင့် အနိုင် ၃ မှတ်ကို ပုံဖော်နိုင်ခဲ့တာဖြစ်ပါတယ်။

အေသင်အတွက် ဦးဆောင်ဂိုးကို ပွဲအစ ၁၁ မိနစ်မှာပဲ ညာနောက်ခံလူ ဒီဂျီဘရီက ထောင့်ကန်ဘောမှတစ်ဆင့် လှလှပပ ခေါင်းတိုက်သွင်းယူပေးခဲ့ပြီး မိနစ် ၃၀ မှာတော့ ဘရိုက်တန်တိုက်စစ်မှူး ပီဒရိုက ပင်နယ်တီမှတစ်ဆင့်ပြန်လည် ချေပခဲ့ပါတယ်။ ပွဲကစားချိန် ၄၀ မိနစ်မှာ အေသင်ကွင်းလယ်လူ ဂါချီနိုဗစ်က နောက်ထပ် ဦးဆောင်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ ဘရိုက်တန်တို့ ၁-၂ နဲ့ရှုံးနိမ့်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ ၂ သင်းစလုံးဂိုးရရှိဖို့ ရုန်းကန်ခဲ့ရပြီး ပွဲကစားချိန် ၆၇ မိနစ်မှာ နောက်ထပ်ရရှိလာတဲ့ ပင်နယ်တီမှတစ်ဆင့် ပီဒရိုကပဲ ၂-၂ ဖြစ်စေမယ့် ချေပဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ သို့သော် ထို့နောက်မှာတော့ ဘရိုက်တန်အသင်း ထပ်မံဂိုးသွင်းယူနိုင်ခြင်းမရှိတော့ဘဲ အေသင်အသင်းအတွက် အနိုင်ဂိုးကို  ပွဲကစားချိန် ၈၄ မိနစ်မှာ လူစားဝင်တိုက်စစ်ကစားသမား ပွန့်စ်က သွင်းယူပေးခဲ့တာကြောင့် ပွဲအပြီးမှာတော့ ဘရိုက်တန်တို့ ၂-၃ နဲ့ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ ဘရိုက်တန်နည်းပြ ဒီဇာဘီက “ကျွန်တော်တို့ ၃ ဂိုးအထိပေးလိုက်ရပါတယ်။ တည်ကန်ဘောတွေကနေ ၂ ဂိုး ပေးလိုက်ရပြီး တတိယဂိုးကတော့ မယုံကြည်နိုင်လောက်အောင်ကောင်းမွန်ပါတယ်။ ကျွန်တော်တို့က သူတို့ရဲ့ ဂိုးဧရိယာထဲမှာ အမှားတွေပြုလုပ်ခဲ့မိပြီး အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ ရှုံးနိမ့်ခဲ့တာပါ။ ဒါပေမယ့် ကစားပုံအရည်အသွေးကတော့ အရမ်းကောင်းခဲ့တယ်လို့ထင်ပါတယ်။ အသင်းရဲ့စွမ်းဆောင်ရည်ကိုတော့ ဂုဏ်ယူပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ အေသင်လောက် အတွေ့အကြုံမရှိပါဘူး။ စွမ်းဆောင်ရည်ကောင်းမွန်ခဲ့ပေမယ် ရလဒ်မကောင်းခဲ့တဲ့အတွက် စိတ်မကောင်းပါဘူး။ ကျွန်တော်တို့ ဒီပွဲကနေသင်ယူရပါမယ်။ လွန်ခဲ့တဲ့ ၁၀ မိနစ်က အဝတ်လဲခန်းအတွင်းမှာ ကစားသမားတွေကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ အိုးလ်ထရက်ဖို့ဒ်မှာ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်နဲ့ ဒီနေ့ပွဲမှာပြသခဲ့တဲ့ စွမ်းဆောင်ရည် ၂ ခုစလုံးက ကောင်းမွန်ပါတယ်။ ဒါပေမယ့် ဒီနေ့ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့အတွက် ဝမ်းနည်းမိပါတယ်။ ပွဲမစခင်မှာ ကျွန်တော်သိထားသင့်တာက အေသင်အသင်းဟာ တည်ကန်ဘောတွေနဲ့ တန်ပြန်တိုက်စစ်တွေကနေတစ်ဆင့် ဂိုးရရှိနိုင်တယ်ဆိုတာပါပဲ။ ဒါတွေကို ခုခံကာကွယ်တဲ့နေရာမှာ ကျွန်တော်တို့ လိုအပ်ချက်တွေရှိခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ ဒန့်ခ်နဲ့ဖာဂူဆန်တို့ ယခုပွဲမှာ ပါဝင်လာခြင်းမရှိတဲ့အကြောင်းနဲ့ ပတ်သက်ပြီး “ဒန့်ခ်က ယူနိုက်တက်နဲ့ပွဲမှာ ပြဿနာအနည်းငယ်ရှိခဲ့လို့ ဒီနေ့ပွဲမှာ မပါဝင်နိုင်ခဲ့ပါဘူး။ ဖာဂူဆန်ကတော့ ဒီနေ့ နေ့လယ်မှာ ကိုယ်အပူချိန်တက်ပြီး နေမကောင်းဖြစ်နေပါတယ်” လို့ပြောကြားခဲ့ပါတယ်။