ပွဲပယ်ပြစ်ဒဏ်ကျခံရပြီးနောက် ဒိုင်လူကြီးတွေအပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်ဖို့ ကြိုးစားခဲ့တယ်လို့ ဝန်ခံလိုက်တဲ့ အန်းစလော့
အန်းစလော့က ရှားရှားပါးပါးနည်းပြတစ်ဦးဆိုသလိုပဲ ကွင်းလယ်ဒိုင်တွေရဲ့ဆုံးဖြတ်ချက်အပေါ် သြဇာလွှမ်းမိုးချုပ်ကိုင်သွားနိုင်ဖို့ အမှန်တကယ်ကြိုးစားသွားခဲ့တယ်လို့ ပွင့်ပွင်းလင်းလင်းဝန်ခံသွားခဲ့ပါတယ်။ ဖူလ်ဟမ်နဲ့ပွဲစဉ်အတွင်း အခုဘောလုံးရာသီအတွက် တတိယအကြိမ်မြောက်အဝါကတ်ပြစ်ဒဏ်ရရှိခဲ့တဲ့ လီဗာပူးနည်းပြက ဆောက်သမ်တန်နဲ့ရင်ဆိုင်ရမယ့် ကာရာဘောင်ဖလားကွာတားဖိုင်နယ်အဝေးကွင်းပွဲစဉ်မှာ အသင်းကို ကြီးကြပ်ခွင့်မရှိတော့ပါဘူး။
အခုအချိန်မှာတော့ အန်းစလော့က ကွင်းလယ်ဒိုင်တွေရဲ့ကွင်းတွင်းဆုံးဖြတ်ချက်တွေအပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်ဖို့ အမှားအယွင်းတွေကျူးလွန်မိတယ်လို့ ထင်မြင်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပေမယ့် ဒီအရာတွေအားလုံးဟာ စိတ်အားထက်သန်မှုကို အရင်းတည်ကာ ဖြစ်ပေါ်လာခဲ့တာပါလို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။
အန်းစလော့က “ကွင်းလယ်ဒိုင်တွေရဲ့ဆုံးဖြတ်ချက်ကို လွှမ်းမိုးနိုင်ဖို့ အမြဲကြိုးစားရမှာဖြစ်ပေမယ့် ကျွန်တော်ကတော့ ယေဘုယျအားဖြင့် တည်ငြိမ်တယ်လို့ ထင်ပါတယ်။ အခုလိုပြောလိုက်လို့ စမတ်ကျသလားဆိုတာ ကျွန်တော်လည်း မသိပါဘူး။ ဒါပေမယ့် ဒီနေရာမှာ ကျွန်တော့်အတွက် limit တစ်ခုလည်း ရှိပါတယ်။ ထားလိုက်ပါတော့။ ဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်တွေ (သို့မဟုတ်) ကျွန်တော့်ရဲ့ကစားသမားတွေအပေါ် ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်တွေက ကျွန်တော့်ရဲ့စိတ်ကို ဆွပေးသလိုဖြစ်လာမယ်ဆိုရင်တော့ ကံမကောင်းစွာနဲ့ဘဲ အဲ့ဒီ limit ဆီ ရောက်ရှိသွားပါလိမ့်မယ်။
ကျွန်တော့်ရဲ့အမြင်အရ ကျွန်တော်တို့အသင်းအတွက် ကျွန်တော့်ရဲ့ကစားသမားတွေက ကွင်းလယ်ဒိုင်တွေထက် ပိုကောင်းတဲ့ဆုံးဖြတ်ချက်ကို ချလေ့ရှိပါတယ်။ အောက်တိုဘာ ၂၂ ရက်၊ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ချဲလ်ဆီးနဲ့ပွဲစဉ်မှာဆိုရင်လည်း စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ကျွန်တော်တို့အသင်းအတွက် ဒုတိယမြောက်ပယ်နယ်တီအခွင့်အရေး ရရှိခဲ့သင့်ပေမယ့် VAR က ဒီဆုံးဖြတ်ချက်ကို ပြောင်းလဲပစ်ခဲ့ပါတယ်။ သူတို့တွေက အငြင်းပွားစရာဆုံးဖြတ်ချက်တွေအများကြီးကို ချမှတ်ခဲ့ပြန်ပါတယ်။
ပြီးတော့ ကစားသမားတစ်ဦးလျော့ကျသွားမယ်ဆိုရင် ကိုယ်လုပ်ရမယ့်အလုပ်တွေ ပိုပြီးခက်ခဲသွားပါလိမ့်မယ်။ ချဲလ်ဆီးနဲ့ပွဲစဉ်ရော၊ ဖူလ်ဟမ်နဲ့ပွဲစဉ်ပါ စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကလန်ကဆန်လုပ်နေမယ့်အစား တည်တည်ငြိမ်ငြိမ်ရှိနေတာမျိုး ဖြစ်သင့်တယ်လို့ ယူဆနိုင်ပါတယ်။
တက်နိုင်သမျှတော့ ဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်အပေါ် သြဇာလွှမ်းမိုးဖို့ ကြိုးစားပါတယ်။ အင်္ဂလန်မှာလည်း ဒီလိုအမှားမျိုး နှစ်ကြိမ်လောက် ကျူးလွန်ပြီးသွားပါပြီ။ ဟော်လန်မှာလည်း တစ်ကြိမ်(သို့မဟုတ်)နှစ်ကြိမ်လောက် လုပ်ခဲ့ဖူးပါတယ်။ ပရိသတ်တွေနဲ့ ကျွန်တော်တို့ အတူတကွ ကွင်းလယ်ဒိုင်ကို ဖိအားပေးနိုင်မယ်ဆိုရင် တခါတလေမှာ ဆုံးဖြတ်ချက်တွေက အပေါင်းလက္ခဏာဆီ ရောက်ရှိသွားနိုင်ပါတယ်။
ချဲလ်ဆီးနဲ့ပွဲစဉ်မှာရော၊ ဖူလ်ဟမ်နဲ့ပွဲစဉ်မှာပါ ကျွန်တော်တို့ ပွဲချိန်ပြည့် ဒီအတိုင်းပဲ လုပ်ခဲ့ပါတယ်။ အရမ်းကြီးသြဇာလွှမ်းမိုးမှုရှိဖို့ ကြိုးစားတာမျိုးမဟုတ်ပေမယ့် ကွင်းလယ်ဒိုင်ကတော့ ကျွန်တော်တို့အတွက် ရုတ်တရက်ဆိုသလို ပြစ်ဒဏ်ဘော တစ်ကြိမ်၊ နှစ်ကြိမ်လောက်တော့ ပေးခဲ့တာမျိုး ရှိပါတယ်။
တစ်ပွဲလုံးတော့ ကွင်းလယ်ဒိုင်က အခုလိုမျိုး ဆုံးဖြတ်ချက်ချခဲ့တာ မဟုတ်ပါဘူး။ အခုလိုသြဇာလွှမ်းမိုးဖို့လုပ်တာ အလုပ်မဖြစ်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် တခါတလေမှာတော့ နည်းနည်းလောက်တော့ လုပ်ကြည့်ရမလားဆိုပြီး တွေးမိတတ်ပါတယ်။ ဒါပေမယ့် အခုလိုသြဇာလွှမ်းမိုးဖို့လုပ်တာက အလုံးစုံတော့ အကူအညီမဖြစ်စေပါဘူး”လို့ ပြောပါတယ်။
အခုညပိုင်း၊ စိန့်မေရီကွင်းပွဲစဉ်မှာ အန်းစလော့ပွဲပယ်ပြစ်ဒဏ်ကျခံရဖို့ရှိနေလို့ လက်ထောက်နည်းပြဆစ်ပ်ကီဟော့ရှော့ဖ်က လီဗာပူးအသင်းကို ကွင်းတွင်းတာဝန်ယူကြီးကြပ်သွားဖွယ် ရှိပါတယ်။