The network connection is lost.

Banner Image

အနာဂတ်အတွက် ဒီဘရိုင်းနဲ့ ပြတ်ပြတ်သားသားဆွေးနွေးဖို့ ပြင်ဆင်နေတဲ့ မန်စီးတီး

စာချုပ်သက်တမ်းနောက်ဆုံးနှစ်ဆီ ဝင်ရောက်လာတဲ့ ကီဗင်ဒီဘရိုင်းအနေဖြင့် အသင်းမှာ ဆက်ရှိနေလိမ့်မယ်လို့ ပက်ဂွါဒီယိုလာ အတည်ပြုပေးခဲ့ပြီးနောက် မန်စီးတီးအသင်းက ဘယ်လ်ဂျီယံကြယ်ပွင့်ရဲ့ အနာဂတ်နဲ့ပတ်သက်လို့ အဆုံးအဖြတ်ပေးသွားရန် ကြိုးပမ်းလာပါတယ်။

ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေရဲ့အပြင်းအထန်စိတ်ဝင်စားမှုနဲ့အတူ အယ်လ်အစ်တီဟတ်က ဒီဘရိုင်းကို အီတီဟတ်ရဲ့အဝေးဆီ ခေါ်ဆောင်သွားနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဥရောပချန်ပီယံရှစ်ပြိုင်ပွဲကာလအတွင်းမှာလည်း အသက်-၃၃ နှစ်အရွယ်ကစားသမားက အရှေ့အလယ်ပိုင်းဒေသဆီ ပြောင်းရွှေ့နိုင်မယ့် အလားအလာအပေါ် ထုတ်ဖော်ဆွေးနွေးခဲ့ပေမယ့် မန်စီးတီးမှာလည်း သူပျော်ရွှင်နေပါတယ်လို့ အခိုင်အမာဖွင့်ဟပြောဆိုခဲ့ပါတယ်။

မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ ဆဲလ်တစ်နဲ့ရင်ဆိုင်ရမယ့် ရာသီကြိုခြေစမ်းပွဲစဉ်မတိုင်ခင်မှာလည်း ပက်ဂွါဒီယိုလာက “ဒီဘရိုင်း မထွက်ပါဘူး”လို့ပြောဆိုကာ အသင်းကြယ်ပွင့်ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ဆွေးနွေးမှုတွေကို ပြတ်ပြတ်သားသားပယ်ချသွားပါတယ်။

မန်စီးတီးအသင်းဘက်ကလည်း လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဘယ်လ်ဂျီယံကြယ်ပွင့်ရဲ့ နောက်ထပ်ခြေလှမ်းတွေကို အသေအချာသိရှိထားချင်လို့ လာမယ့်လအတွင်း အသင်းဆီ ကစားသမားပြန်ရောက်ရှိလာချိန်မှာ ဆွေးနွေးမှုတွေစတင်ရန် စီစဉ်နေပါတယ်။ အခုအချိန်အထိ ပိုင်ရှင်တူကလပ်အသင်းထရိုယက်စ်ဆီမှ ပေါင် ၃၃ သန်းတန် ဘရာဇီးတောင်ပံကစားသမား ဆာဗင်ဟိုကိုသာ ခေါ်ယူထားတဲ့ မန်စီးတီးအတွက် တိတ်ဆိတ်တဲ့အပြောင်းအရွှေ့ဈေးကွက်တစ်ခု ဖြစ်လာနိုင်တယ်လို့ ပက်ဂွါဒီယိုလာက အလေးအနက်ပြောကြားခဲ့ပါတယ်။

ဒီဘရိုင်းအနေဖြင့် အသင်းပြောင်းရွှေ့ဖို့ဆုံးဖြတ်မယ်ဆိုပါက သူ့အတွက် ပြောင်းရွှေ့ကြေးပမာဏ အများအပြား မန်စီးတီးဘက်က လိုလားနေသလို အစားထိုး ကစားသမားအတွက်လည်း ငွေလုံးငွေရင်းပမာဏကြီးကြီးမားမား သုံးစွဲသွားရနိုင်ပါတယ်။ မန်စီးတီးနည်းပြကတော့ အသင်းရဲ့ကြယ်ပွင့်ကစားသမားတွေသာ မထွက်ခွာသွားဘူးဆိုရင် အသင်းလူစာရင်းဟာ ယခင်အတိုင်းပဲ ဆက်ရှိနေဖို့ ၈၅/၉၀ ရာခိုင်နှုန်းလောက် သေချာပါတယ်လို့ ရှင်းပြပါတယ်။

မန်စီးတီးရဲ့စီနီယာကစားသမားနှစ်ဦးဖြစ်တဲ့ အီဒါဆန်နဲ့ အယ်လ်ဗာရက်ဇ်တို့ကို ခေါ်ယူဖို့ အယ်လ်အစ်တီဟတ်နဲ့ အက်သလက်တီကိုမက်ဒရစ်တို့ အထူးစိတ်ဝင်စားနေပြန်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်က ပေါင်သန်း ၇၀ ထက်မနည်း ကုန်ကျနိုင်ဖွယ်ရှိတဲ့ အယ်လ်ဗာရက်ဇ်အစား ဂျီရိုနာတိုက်စစ်မှူး ဒေ့ါဗ်ဘိခ်ကို ခေါ်ယူနိုင်ဖို့လည်း ကြိုးပမ်းနေပါတယ်။

ပက်ဂွါဒီယိုလာက “တစ်စုံတစ်ယောက် အသင်းမှထွက်ခွာမယ်ဆိုရင်လည်း ကျွန်တော်တို့ အဲ့ဒီအကြောင်း ဆွေးနွေးသွားရပါလိမ့်မယ်။ မှန်ပါတယ်။ အပြောင်းအရွှေ့နောက်ဆုံးရက်မတိုင်ခင်အထိတော့ ကစားသမားသစ်တွေခေါ်ယူနိုင်မယ့် အခွင့်အလမ်းရှိနေပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကစားသမားသစ်တွေခေါ်ယူနိုင်မယ့် အခွင့်အရေးကို မငြင်းဆန်ချင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့အသင်းက လက်ရှိလူစာရင်းအတိုင်း ဆက်ရှိဖို့ ၈၅ ရာခိုင်နှုန်း၊ ၉၀ ရာခိုင်နှုန်းလောက် သေချာနေတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့စောင့်ကြည့်သွားရပါမယ်။ နောက်ဆုံးအခိုက်အတန့်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်လည်း မသိပါဘူး။ တစုံတယောက်က ကစားသမားအချို့အတွက် အစားထိုးဖို့ ဝင်လာမယ်ဆိုရင် သူတို့တွေ ထွက်ခွာသွားနိုင်ပါတယ်။ ဒီအတွက် ကျွန်တော်တို့ ဆုံးဖြတ်ချက်ချသွားရပါလိမ့်မယ်”လို့ ပြောပါတယ်။

အလားတူ ပက်ဂွါဒီယိုလာက လစ်လပ်နေတဲ့ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြရာထူးအပေါ် စိတ်ဝင်စားမှု မရှိပါဘူး။