
သူ့ရဲ့အကောင်းဆုံးပုံစံပြန်ရဖို့ ဘယ်လောက်အထိ အချိန်ယူရမလဲဆိုတာကို ထုတ်ပြောလာတဲ့ ရိုဒရီ
မန်စီးတီးကွင်းလယ်ကစားသမားရိုဒရီက ဆိုးရွားလှတဲ့ဒူးအရွတ်ကြောဒဏ်ရာသက်သာလာပြီးနောက် သူ့ရဲ့အကောင်းဆုံးပုံစံပြန်ရဖို့အတွက် လနဲ့ချီကြာမြင့်နိုင်တယ်လို့ အတိအလင်းဝန်ခံပြောဆိုခဲ့ပါတယ်။ မန်စီးတီးအသင်းကလည်း စပိန်သားကို သက်သောင့်သက်သာနဲ့သာ ပွဲကစားခွင့်ပြုထားပြီး ဂျူဗင်တပ်စ်နဲ့ရင်ဆိုင်ရမယ့် ကလပ်ကမ္ဘာ့ဖလားအုပ်စုအပိတ်ပွဲစဉ်မှာ ရိုဒရီအတွက် ပွဲကစားချိန်မိနစ်တွေ ပိုမိုခွင့်ပြုပေးသွားဖွယ် ရှိပါတယ်။
ပက်ဂွါဒီယိုလာကိုယ်တိုင်လည်း အသင်းလူစာရင်းပိုင်းကို ကျစ်လစ်စေဖို့ ရည်မှန်းထားပေမယ့် ယမန်နှစ်ဘောလုံးရာသီလို အခက်အခဲတွေနဲ့ပြည့်နှက်နေချိန်မျိုးမှာ အသက်-၂၉ နှစ်အရွယ်ကစားသမားရဲ့ လွှမ်းမိုးနိုင်စွမ်းကို ပြန်သတိရနေပါလိမ့်မယ်။ ဒါပေမဲ့ အခုကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း မန်စီးတီးအသင်းရဲ့အုပ်စုအဖွင့်ပွဲစဉ်နှစ်ခုမှာ ဗဟိုကွင်းလယ်လူနေရာအတွက် ရိုဒရီအစား နီကိုဂွန်ဇာလက်ဇ်နဲ့ ကစားသမားသစ်ရိန်ဒါစ်တို့ကို ပွဲထွက်ခွင့်ပေးအပ်ခဲ့ပါတယ်။
ရိုဒရီက “ အရိုးသားဆုံးပြောရရင် ကျွန်တော်ကိုယ်တိုင်လည်း အရမ်းသန်မာနေပြီလို့ ခံစားမိပါတယ်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်က ကြာမြင့်ခဲ့ပေမယ့် အလျင်မလိုဘဲ ဖြေးဖြေးမှန်မှန်ပဲ လုပ်ဆောင်ခဲ့ပါတယ်။ အရေးအကြီးဆုံးအရာက အာရုံစူးစိုက်မှုရှိဖို့နဲ့ ကြံ့ခိုင်မှုရှိနေဖို့ပါပဲ။ ဝမ်းနည်းစိတ်ပျက်မနေဘဲ တစ်နေ့တော့ ပြန်လာနိုင်လိမ့်မယ်ဆိုတာကို သိထားခဲ့ပါတယ်။ နောက်ဆုံးတော့ အဲ့ဒီလိုနေ့ရက်မျိုးဆီ ရောက်ရှိလာပါပြီ။ ကွင်းတွင်းမှာ နောက်တစ်ကြိမ်ပြန်ခြေချနိုင်လို့ အရမ်းစိတ်လှုပ်ရှားမိပါတယ်။
အကောင်းဆုံးပုံစံရရှိဖို့တော့ လနဲ့ချီပြီးကြာမြင့်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် အရမ်းပျော်ရွှင်နေပါတယ်။ အခု ကျွန်တော့်အတွက် အကောင်းဆုံးပြန်လာနိုင်ဖို့ အခွင့်အလမ်းကြီးတစ်ခု ရှိနေပါပြီ”လို့ ပြောပါတယ်။ အတိတ်ကာလမှာ ရိုဒရီက ကစားသမားတွေအတွက် အနားယူချိန် ပိုမိုပေးအပ်ဖို့လိုနေပြီလို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး ဒီစိုးရိမ်မှုတွေကို ဂရုမပြုဘူးဆိုရင် ထိပ်တန်းကစားသမားတွေရဲ့သပိတ်တိုက်ပွဲတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သုံးသပ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အော်လန်ဒိုဆီ ရောက်ရှိနေချိန်မှာတော့ သူက မတူကွဲပြားတဲ့ပုံသဏ္ဍာန်တစ်ခုကို ထုတ်ဖော်ပြသလိုက်ပါတယ်။
ရိုဒရီက “ ဒီပြိုင်ပွဲကြီးသာ မရှိဘူးဆိုရင် ကျွန်တော်လည်း အားလပ်ရက် ရရှိနေပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်ရဲ့တစ်ဦးချင်းအမြင်အရ ဒီအသွင်သစ်ပြိုင်ပွဲကြီးကို အမြင့်ဆုံးအဆင့်အတန်းဆီ ပြန်လာနိုင်ဖို့အတွက် အခွင့်အလမ်းကြီးတစ်ခုအဖြစ် ရှုမြင်ထားပါတယ်။ အရိုးသားဆုံးပြောရရင် အခုလိုအသွင်သစ်ပြောင်းလဲလိုက်တဲ့ အကြံအစည်ဟာ အလွန်ကောင်းပါတယ်။ ကျွန်တော်တို့လည်း စိတ်လှုပ်ရှားနေပြီလို့ ယူဆမိပါတယ်။ ကမ္ဘာအနှံ့မှာရှိနေတဲ့ ကလပ်အသင်းတွေအကြား ကွာဟချက်ကိုလည်း ပရိသတ်တွေကိုယ်တိုင် မြင်တွေ့နိုင်ပြီး စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်”လို့ ဆိုပါတယ်။