The network connection is lost.

Banner Image

အယ်လ်ဟီလယ်နဲ့ သတင်းတွေထွက်ပေါ်နေပေမယ့် အင်တာမှာ ပျော်ရွှင်နေပါတယ်လို့ ဝန်ခံလိုက်တဲ့ ဆီမြွန်နီအင်ဇာဂီ

အယ်လ်ဟီလယ်နဲ့ ယူရိုသန်း ၃၀ တန်သဘောတူညီမှုတစ်ခု ရရှိထားတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် ဆီမြွန်နီအင်ဇာဂီကတော့ အင်တာမီလန်မှာပဲ ပျော်ရွှင်နေပါတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ Footmercato ရဲ့အဆိုအရ အင်ဇာဂီကို ဆော်ဒီပရိုလိဂ်ဆီ ပြောင်းရွှေ့လာအောင် စည်းရုံးရာမှာ မက်လောက်စရာငွေကြေးပမာဏတစ်ရပ် ထည့်သွင်းထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် အင်တာမီလန်နည်းပြကတော့ အခုအချိန်မှာ သူ့ရဲ့အသင်းကို ဥရောပရဲ့အမြင့်ဆုံးအောင်ပွဲဆီ အရောက်ခေါ်ဆောင်သွားဖို့သာ အာရုံစိုက်ထားတယ်လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

၂၀၂၃ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မန်စီးတီးကို ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ အရေးနိမ့်ခဲ့ဖူးတဲ့ အင်ဇာဂီက နောက်ဆုံးသုံးနှစ်အတွင်း ဒုတိယအကြိမ်မြောက်ရောက်ရှိလာတဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက် အင်တိုက်အားတိုက်ပြင်ဆင်နေပါတယ်။  အယ်လ်ဟီလယ်ဆီပြောင်းရွှေ့ဖို့ ဖြစ်နိုင်ခြေအကြောင်း တိုက်ရိုက်မေးမြန်းလာချိန်မှာ အင်ဇာဂီက ချက်ချင်းဆိုသလိုပဲ သူ့ရဲ့အသင်းလူစာရင်းနဲ့ စည်းလုံးမှုအတွက်ကိုပဲ အာရုံစိုက်ထားတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ သူက “ အရမ်းကောင်းတဲ့ဘောလုံးသမားတွေနဲ့ စုဖွဲ့ထားတဲ့ ကလပ်အသင်းတစ်ခုနဲ့ အလုပ်တွဲလုပ်နေရလို့ ကျွန်တော်တို့ ကံကောင်းလွန်းပါတယ်။ ဒီလေးနှစ်တာကာလအတွင်းမှာ ကစားသမားတွေက ကျွန်တော့်အတွက် အစွမ်းကုန်ပေးဆပ်ခဲ့ပါတယ်။ ကျွန်တော်တို့အတွက် နိုင်ပွဲတွေရှိခဲ့သလို ရှုံးနိမ့်မှုတွေလည်း ရှိခဲ့ပေမယ့် ဒီနေရာမှာ ကျွန်တော့်စိတ်ကို အေးဆေးတည်ငြိမ်စေမယ့် ခိုင်မြဲတဲ့သံယောဇဉ်တစ်ရပ် ရှိပါတယ်”လို့ သတင်းထောက်တွေဆီ ပြောပြပါတယ်။

အခုလိုခိုင်မြဲတဲ့သံယောဇဉ်ကြောင့် အနာဂတ်အတွက် သူ့ရဲ့ဆုံးဖြတ်ချက်တွေအပေါ် လွှမ်းမိုးမှုရှိသလားဆိုတဲ့ မေးခွန်းအတွက် အသက်-၄၈ နှစ်အရွယ်နည်းပြဖြစ်သူက ငြင်းချက်မထုတ်ခဲ့ပါဘူး။ အင်ဇာဂီက “ သေချာတာပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်ပြောခဲ့သလိုပဲ ကျွန်တော်တို့တွေ ချန်ပီယံလိဂ်ဖိုင်နယ်ကို တကယ်ကစားချင်ပါတယ်။ ပီအက်စ်ဂျီနဲ့ကစားရမယ့် ပွဲစဉ်အကြောင်းကိုပဲ တွေးနေမိပါတယ်။ အသင်းရဲ့အကြီးတန်းအရာရှိတွေလည်း မြူးနစ်မြို့ဆီ ရောက်ရှိနေပါပြီ။ လာမယ့်သီတင်းပတ်မှာ ကျွန်တော်တို့ အေးအေးဆေးဆေးစကားပြောဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့အားလုံး အင်တာမီလန်ရဲ့အကျိုးစီးပွားအတွက်ပဲ အမြဲတမ်းနှလုံးသွင်းထားပါတယ်။ ဒီအသင်းမှာ ကျွန်တော်ပျော်ရွှင်နေတယ်ဆိုတာကို အကြိမ်ပေါင်းများစွာ ပြောခဲ့ပြီးပါပြီ။ ဒါကြောင့် ကျွန်တော်လုပ်ချင်တဲ့အရာအားလုံးကို ကောင်းကောင်းလုပ်ဆောင်နေပြီး စိတ်ကျေနပ်မှုလည်း ရှိပါတယ်”လို့ ပြောပါတယ်။

အင်ဇာဂီရဲ့လက်ရှိစာချုပ်သက်တမ်းက ၂၀၂၆ ခုနှစ်၊ နွေရာသီမှာကုန်ဆုံးပါလိမ့်မယ်။ အခုအချိန်မှာတော့ သူက အင်တာမီလန်အသင်းကို ဥရောပအောင်မြင်မှုရရှိအောင် လမ်းညွှန်ပေးနိုင်ဖို့ ခွန်အားတွေ ဖြည့်တင်းထားပြီး စာချုပ်နဲ့ ကမ်းလှမ်းမှုကိစ္စတွေကို သိပ်ပြီးအရေးပေးနေမယ့်ပုံ မတွေ့ရပါဘူး။