The network connection is lost.

Banner Image

အင်တာကို အနိုင်ယူဖို့ သေချာအာရုံစိုက်ကစားသွားရမယ်လို့ ထုတ်ပြောလာတဲ့ ဆီမြွန်နီ

ဒီနေ့ညပိုင်း၊ အင်တာမီလန်နဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်(ဒုတိယအကျော့ပွဲစဉ်)မှာ နိုင်ပွဲရှာဖွေနိုင်ရန် အပြည့်အဝအာရုံစိုက်ကြိုးစား ကစားသွားရမယ်လို့ အက်သလက်တီကိုမက်ဒရစ်နည်းပြ ဆီမြွန်နီက ပြောပါတယ်။

ပြီးခဲ့တဲ့စနေနေ့ လာလီဂါပွဲစဉ်မှာ တန်းဆင်းဇုန်အန္တရာယ်ကြောင့် ရုန်းကန်နေရတဲ့ ကာဒီဇ်ကို အံ့အားသင့်ဖွယ်နှစ်ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ အေတီကိုက မီလန်မြို့မှာ သူတို့ခံစားခဲ့ရတဲ့ ၁-၀ ဂိုးရှုံးနိမ့်မှုကို ပြောင်းပြန်လှန်ပစ်ဖို့ မျှော်လင့်နေပါလိမ့်မယ်။ ပထမအကျော့ပွဲစဉ်မှာတော့ အင်တာမီလန်က ပွဲကို စိုးမိုးထားနိုင်ခဲ့ပြီး ခံစစ်ပိုင်းကျစ်လစ်မာကျောမှုနဲ့အတူ အက်သလက်တီကိုမက်ဒရစ်ရဲ့ ဂိုးပေါက်တည့်ကန်ချက် မပေါ်ထွက်လာအောင် ခုခံပြခဲ့ပါတယ်။

အင်္ဂါနေ့သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ဆီမြွန်နီက “ဖြစ်ပျက်နေတဲ့ အရာရာတိုင်းကို ကျွန်တော်နားလည်ပါတယ်။ ဘီလ်ဘာအိုနဲ့ အိမ်ကွင်းပွဲစဉ်မတိုင်ခင်အထိ ကျွန်တော်တို့က အရမ်းကောင်းတဲ့ ဘောလုံးရာသီတစ်ခုကို ယှဉ်ပြိုင်ခဲ့ပြီး လွန်ခဲ့တဲ့ပွဲစဉ်အနည်းငယ်မှာတော့ အသင်းက အရင်ကစားခဲ့တဲ့ပုံစံမျိုးမှာ ဆက်မရှိနေခဲ့ပါဘူး။ ကျွန်တော်တို့ သင်ယူခဲ့ရတဲ့ သင်ခန်းစာတွေမှတဆင့် ဆက်လက်တိုးတက်လာဖို့ မျှော်လင့်မိပါတယ်။ အင်တာမီလန်နဲ့ရင်ဆိုင်ရတဲ့ ပွဲစဉ်မျိုးမှာ အာရုံစူးစိုက်မှုကို အရမ်းမြင့်မားတဲ့ အဆင့်အတန်းတစ်ခုဆီ ပို့ဆောင်ထားဖို့ လိုအပ်ပါတယ်။ ဒါဆိုရင်တော့ ဘယ်သူမဆို အနိုင်ရနိုင်ပါလိမ့်မယ်”လို့ ပြောပါတယ်။

ပထမအကျော့ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရရှိလို့ လူစားလဲလှယ်ခဲ့ရတဲ့ အားထားရတဲ့တိုက်စစ်မှူး ဂရစ်ဇ်မန်း ပြန်လည်ပါဝင်လာနိုင်မှာဖြစ်လို့ မက်ဒရစ်အခြေစိုက်ကလပ်အတွက် အားတက်စရာဖြစ်ပါတယ်။

ဆီမြွန်နီက “အသင်းဆီ ဂရစ်ဇ်မန်းပြန်လာနိုင်မှုက ကျွန်တော်တို့အတွက် ဖြစ်နိုင်ခြေတွေ၊ ဖြေရှင်းချက်တွေ ပိုပေးနိုင်ပါတယ်။ ပွဲနဲ့ပတ်သက်တာတွေရော၊ နည်းဗျူဟာပိုင်းမှာပါ နှစ်မျိုးလုံးအတွက်ပါ။ ဒါကြောင့် သူဆန္ဒရှိသလောက်ပါဝင်ကစားပေးသွားဖို့ပဲ မျှော်လင့်ကြတာပေါ့”လို့ ဆက်ပြောပါတယ်။

လက်ရှိအေတီကိုရဲ့ဒဏ်ရာရ ကစားသမားစာရင်းမှာ ကွင်းလယ်လူလီမာနဲ့ နောက်ခံလူဂျီမင်နက်ဇ်တို့သာ ကျန်ရှိပြီး ဒီကစားသမားတွေက အင်တာမီလန်နဲ့ပွဲစဉ် မတိုင်ခင် အသင်းလေ့ကျင့်ရေးဆီ မပူးပေါင်းနိုင်ခဲ့ပါဘူး။

ဆီမြွန်နီရဲ့အသင်းက ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ဆီ ခြောက်ကြိမ် တက်ရောက်နိုင်ခဲ့ပါ။