
The network connection is lost.

ယူနိုက်တက်ဂန္ထဝင်ဂိုးသမားဟောင်း ရှမိုက်ကယ်က စနေနေ့က ဘရိုက်တန်ကို ၃-၁ နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲအပြီး ဟီးရိုးလုပ်ဖို့ကြိုးစားခဲ့တဲ့ မာတီနက်ဇ်ကို ဝေဖန်ပြောကြားလိုက်ပါတယ်။ ယူနိုက်တက်အသင်းဟာ အဖွင့်ပွဲ ၅ ပွဲမှာ ၃ ပွဲအထိ အရေးနိမ့်ခဲ့ပြီး ဘရိုက်တန်ဘက်က ဒန်နီရယ်ဝဲလ်ဘတ် ၊ ပါစကယ်ဂရော့စ် ၊ ဂျာအိုပက်ဒရိုတို့ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ လက်ရှိမှာအဆင့် ၁၃ နေရာမှာ ရပ်တည်နေပြီး ပွဲသိမ်းခရာမှုတ်ချိန်မှာ ပရိသတ်တွေရဲ့ သရော်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ရှမိုက်ကယ်က ဘရိုက်တန်ရဲ့ ဒုတိယဂိုးကို ထောက်ပြခဲ့ပြီး မာတီနက်ဇ်တစ်ယောက် ဟီးရိုးအဖြစ် ကြိုးစားခဲ့တယ်လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။
“ဖြစ်ရပ်တစ်ခုအတွက် ဒီနေရာမှာ မာတီနက်ဇ်အကြောင်းပြောပြချင်ပါတယ်။ သူ့အနေနဲ့ တားဆီးသင့်တာကို ဟီးရိုးလုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ လူတွေအဲ့တာကို သိမှာပါ။ အဲ့နေရာမှာ သူလုပ်ပုံကိုကြည့်ရင် ဂိုးသမားနေရာမှာ သူက ဝင်လိုက်သလိုပါပဲ။ သူ့အနေနဲ့ အနီးကပ်သွားပြီး တားဆီးဖို့လုပ်ဆောင်ရမှာပါ။ တကယ်လို့ မင်းအနေနဲ့ တားဆီးချင်တယ်ဆိုရင် ခန္ဓာကိုယ်ကို လှည့်စရာမလိုပါဘူး။ ဒီလိုအရာတွေက ယူနိုက်တက်အတွက် အဆင်မပြေစေပါဘူး”လို့ တန်ဟက်က ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ကွင်းလယ်လူ အဲရစ်ဆင်ကတော့ မိမိတို့အသင်းဟာ ပထမပိုင်းတုန်းက ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး ပိုကောင်းတဲ့အခွင့်အရေးတွေဖန်တီးနိုင်ခဲ့တယ်လို့ တွေးထင်နေပါတယ်။
“အဲ့တာက ကြီးမားပါတယ်။ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ကြည့်ရပါမယ်။ ကျွန်တော်တို့ အရာတစ်ချို့ပြောင်းလဲရမှာဖြစ်ပေမယ့် စိတ်ပျက်စရာပဲဖြစ်ခဲ့ပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ ကောင်းမွန်တဲ့ အခိုက်အတန့်ကောင်းတွေအပြင် ပွဲကိုလည်း ထိန်းချုပ်ကစားနိုင်ခဲ့ပါတယ်။ အဲ့နောက် သူတို့က ပထမအခွင့်အရေးမှာပဲ ဂိုးသွင်းနိုင်ခဲ့ပြီး ကျွန်တော်တို့ဘောလုံးကိုင်ကစားတဲ့ နည်းစနစ်ကလည်း အလုပ်ဖြစ်ခဲ့ကာ အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ခဲ့ပါတယ်။ သေးငယ်တဲ့အရာတွေရှိပါတယ်။ ကျွန်တော်တို့ အာဆင်နယ်နဲ့ပွဲတုန်းကဆို လူကျွံခဲ့သလို အခုလည်း ဘောလုံးက စည်းအပြင်ဘက်ကို ရောက်ခဲ့ပါတယ်။ ဒီလိုသေးငယ်တဲ့အရာတွေဖြစ်နေတာဖြစ်ပြီး ကျွန်တော်တို့ ကံကောင်းဖို့ လိုအပ်နေတာပါ။ ဘယ်ပွဲမဆိုကျွန်တော်တို့အတွက် အရေးကြီးပါတယ်။ ကျွန်တော်တို့ပွဲတွေကို သေချာလေးအာရုံစိုက်ပြီး အနိုင်ကန်ရပါမယ်။ ဒါပေမယ့် ကျွန်တော်တို့ ၃ ပွဲ အရေးနိမ့်ထားပြီးပါပြီ။ အဲ့တာကို ပြောင်းလဲဖို့ လိုအပ်ပါတယ်”လို့ အဲရစ်ဆင်က ပြောကြားခဲ့ပါတယ်။