The network connection is lost.

Banner Image

မန်စီးတီးရဲ့ချန်ပီယံဆုကို ယူနိုက်တက်ဆီ လွှဲပြောင်းပေးအပ်လာမယ့် အခြေအနေအပေါ် ကာရစ် တုံ့ပြန်

မန်စီးတီးရင်ဆိုင်နေရတဲ့ စွဲချက်တွေနဲ့အတူ ယူနိုက်တက်ဆီ ချန်ပီယံဆု လွှဲပြောင်းပေးအပ်လာတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ သရဲနီနည်းပြမိုက်ကယ်ကာရစ်က ထုတ်ဖော်ပြောဆိုလာပါတယ်။

၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အကြား ပရီးမီးယားလိဂ်ဘဏ္ဍာရေးစည်းမျဉ်းတွေကို ဆိုးဆိုးရွားရွားချိုးဖောက်ခဲ့မှုအတွက် မန်စီးတီးမှာ အပြစ်ရှိတယ်လို့ သီးခြားလွတ်လပ်တဲ့ကော်မရှင်က စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ဇန်နဝါရီလအတွင်း ထွက်ပေါ်လာဖွယ်ရှိတဲ့ စီရင်ချက်ကို ပြိုင်ဘက်တွေ စောင့်မျှော်နေကြချိန် စွဲဆွဲခံထားရတဲ့ကာလအတွင်း မန်စီးတီးအသင်း ဆွတ်ခူးခဲ့တဲ့ ချန်ပီယံဆုတွေကို ရုပ်သိမ်းခံရနိုင်သလို အင်္ဂလန်ထိပ်တန်းလိဂ်မှ ထုတ်ပယ်ခံရနိုင်တဲ့ အခြေအနေလည်း ရှိနေပြန်ပါတယ်။

၂၀၁၁-၂၀၁၂ ဘောလုံးရာသီနဲ့ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီတွေမှာ ယူနိုက်တက်က မန်စီးတီးရဲ့နောက် ဒုတိယနေရာနဲ့သာ ရာသီသိမ်းခဲ့လို့ ဆုဖလားတွေသာ ရုပ်သိမ်းမယ်ဆိုရင် ဒီဆုဖလားတွေကို သရဲနီတွေ လွှဲပြောင်းရရှိလာနိုင်ပါတယ်။

မန်စီးတီးရဲ့နောက်၊ ဒုတိယနေရာရရှိခဲ့တဲ့ ဒီဘောလုံးရာသီနှစ်ခုလုံးရဲ့ ယူနိုက်တက်လူစာရင်းမှာ ပါဝင်ခဲ့တဲ့ ကာရစ်က ဖြစ်လာနိုင်ခြေရှိတဲ့ ပြစ်ဒဏ်တွေအပေါ် မှတ်ချက်ပေးခဲ့ပါတယ်။

ကာရစ်က "အားကစားလောကမှာ၊ အထူးသဖြင့် ဘောလုံးလောကမှာဆိုရင် အနိုင်ရဖို့ ကြိုးစားအားထုတ်မှု၊ စိတ်ခံစားမှုနဲ့ အနိုင်ရရှိခြင်းဆိုင်ရာခံစားချက်တွေရဲ့အများစုက အဲဒီအခိုက်အတန့်မှာပဲ ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်"

"အောင်မြင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ၊ အရာရာတိုင်း ကိုယ့်ဆန္ဒနဲ့ဆန့်ကျင်ဘက် ဖြစ်သွားသည်ဖြစ်စေ အားကစားရဲ့ အလှတရား၊ ဘောလုံးရဲ့ အလှတရားနဲ့ ဒီနေရာမှာ ဆုဖလားတွေ ရယူဖို့ ကြိုးစားရတဲ့ အလှတရားက အဲဒီဆီသွားတဲ့ ခရီးလမ်းနဲ့ အဆုံးသတ် အခိုက်အတန့်တွေမှာ ရှိနေပါတယ်။ အဲဒါက ကိုယ့်အတွက် အဆင်ပြေသွားမလား၊ အဆင်မပြေ ဖြစ်သွားမလား ဆိုတာတွေပေါ့"

"ဒီကိစ္စက ကျွန်တော့်ကို ပုဂ္ဂိုလ်ရေးအရ သက်ရောက်မှု ရှိခဲ့တာကြောင့် ကျွန်တော့်မှာ ကိုယ်ပိုင် မေးခွန်းတွေ ရှိပါတယ်။ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပေါ့။ လူတိုင်းအတွက် ဒါကို မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်လေ ပိုကောင်းလေပါပဲ။"

"အဲဒီအချိန် ကုန်လွန်သွားခဲ့ပြီဆိုရင် ဘယ်ဘက်ကမှ အဲဒါကို ပြန်မရနိုင်တော့ပါဘူး။ ထိပ်ဆုံးဆီ ရောက်ရှိသွားတယ်ဆိုတဲ့ အဲဒီခံစားချက်ကို ကျွန်တော်တို့ အားလုံး တောင့်တကြတာပါ။ အတိတ်မှာ ပြီးသွားခဲ့တဲ့ အရာတွေက အတိတ်မှာပဲ ကျန်ခဲ့ပေမဲ့ အဲဒီအခိုက်အတန့်မှာ ခင်ဗျား ဘယ်လိုခံစားခဲ့ရသလဲဆိုတဲ့ အချက်ကသာ အရာအားလုံးကို ခြုံငုံဖော်ပြနေတာ ဖြစ်ပါတယ်"

"ပါဝင်ယှဉ်ပြိုင်သူတစ်ဦး၊ ကစားသမားတစ်ဦးအတွက် သေချာပေါက်ပါပဲ၊ ပရိသတ်တွေလည်း ဒီလိုပဲ ခံစားရလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ အဲဒီအခိုက်အတန့်က စိတ်ခံစားမှုတွေကြောင့်ပဲ ကျွန်တော်တို့တွေ ဒီအားကစားကို ဒီလောက်အထိ ချစ်မြတ်နိုးကြတာပါ"

"လက်ရှိအချိန်မှာတော့ ဒါက အပြီးသတ်မဖြစ်သေးတာကြောင့် ဒီအကြောင်းကို နောက်မှပဲ ဆက်ပြောပါတော့မယ်။ သမိုင်းတလျှောက် ဘယ်အားကစားမှာမဆို နောက်ကျမှ ဆုတံဆိပ် ပြန်ရတာမျိုးတွေက မတူညီတဲ့အချိန်တွေ ဖြစ်တယ်ဆိုတာ သက်သေပြခဲ့ပြီးသားပါ"

"အဲဒီအခိုက်အတန့်မှာ အနိုင်ရဖို့နဲ့ အောင်မြင်မှု ရယူဖို့အတွက် ခင်ဗျား အစွမ်းကုန် ကြိုးစားခဲ့ရလို့ ဆုတံဆိပ် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ပေါ့ပေါ့ဆဆ သဘောထားတာ မဟုတ်ပေမဲ့ အဲဒါက မူလကွင်းတွင်းမှာ အမှန်တကယ် အနိုင်ရခဲ့တဲ့ ခံစားချက်မျိုး ဒါမှမဟုတ် အနိုင်မရခဲ့တဲ့ ခံစားချက်မျိုးကိုတော့ ဘယ်တော့မှ ယူဆောင်မပေးနိုင်ပါဘူး။ အဲဒီခံစားချက်အတွက်သာ ကျွန်တော်တို့ အားလုံး ပါဝင်ယှဉ်ပြိုင်နေကြတာပါ" လို့ ဆိုပါတယ်။

ယူနိုက်တက်အတွက် ချန်ပီယံဆုတစ်ခုခု ရရှိနိုင်မလားဆိုတာ မန်စီးတီးအပေါ် ပရီးမီးယားလိဂ် ချမှတ်မယ့် ပြစ်ဒဏ်အပေါ် မူတည်နေပြီး ဒီဆုံးဖြတ်ချက်ထွက်ပေါ်လာဖို့လည်း လပေါင်းများစွာ ကြာမြင့်ပါဦးမယ်။