The network connection is lost.

Banner Image

ကနေဒါကို အနိုင်ရခဲ့သော်လည်း ကွင်းရဲ့အခြေအနေကို ပြစ်တင်ဝေဖန်လာတဲ့ စကာလိုနီ

အာဂျင်တီးနားဟာ ယနေ့နံနက်က စတင်ကျင်းပခဲ့တဲ့ ကိုပါအမေရိကအဖွင့်ပွဲစဉ်မှာ ကနေဒါကို ၂-၀ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့သော်လည်း ပွဲအပြီးမှာတော့ အသင်းနည်းပြ လီယွန်နယ်စကာလိုနီက ကွင်းရဲ့အခြေအနေကို ပြစ်တင်ဝေဖန်လာခဲ့ပါတယ်။ အာဂျင်တီးနားနဲ့ ကနေဒါတို့ဟာ မေဂျာလိဂ်ကလပ် အတ္တလန္တာရဲ့ အိမ်ကွင်းဖြစ်တဲ့ မာစီးဒီးဘန့်ဇ် ကွင်းမှာယှဉ်ပြိုင်ကစားခဲ့ကြတာဖြစ်ပြီး ကွင်းတာဝန်ရှိသူတွေဟာ ပြိုင်ပွဲမစတင်မီမှာ ကွင်းအတွင်း ယာယီမြက်ခင်းပြင်ကို တပ်ဆင်ထားခဲ့ကြတာဖြစ်ပါတယ်။ 

အာဂျင်တီးနားဟာ ၂၀၂၂ ကာတာကမ္ဘာ့ဖလားမှာ ဆော်ဒီအာရေဗျနဲ့ပထမဆုံး ရင်ဆိုင်ရာမှာ တွေကြုံခဲ့ရတဲ့ ကွင်းနဲ့အသားမကျတဲ့  အခက်အခဲမျိုး ယခုပွဲစဉ်မှာလည်း ထပ်မံတွေ့ကြုံခဲ့ပုံပေါ်ပါတယ်။ ဒါကြောင့် ပွဲအပြီးမှာတော့ စကာလိုနီက “ဒီပွဲအစက ဆော်ဒီအာရေဗျနဲ့ ကစားခဲ့ရတုန်းကလိုပါပဲ။ မတူတာတစ်ခုကတော့ ဟိုမှာတုန်းက ပိုကောင်းတဲ့ကွင်းထဲမှာကစားခဲ့ရတာပါ။ ကံကောင်းထောက်မပြီး ဒီပွဲမှာ ကျွန်တော်တို့ အနိုင်ရခဲ့ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ရှုံးသွားရင် ဒီကွင်းရဲ့အကြောင်းကို အပြစ်တင်တာက အပေါစားဆင်ခြေတစ်ခုဖြစ်သွားပါလိမ့်မယ်။ ကျွန်တော်တို့ ဒီမှာကစားရမယ်ဆိုတာ ၇ လောက်ကြိုသိနေခဲ့ပေမယ့် သူတို့ကတော့ လွန်ခဲ့တဲ့ ၂ ရက်လောက်ကမှ မြက်ခင်းပြင်ကို ပြောင်းလဲခဲ့ကြပါတယ်။ ဒါက ပွဲအတွက်မကောင်းပါဘူး။  ကွင်းကလှပပြီး မြက်ခင်းပြင်ကလည်း အံ့မခန်းဖြစ်နေရမှာပါ။ ဒီနေ့ကစားခဲ့တဲ့ မြက်ခင်းပြင်ကတော့ ကစားသမားတွေအတွက် မသင့်တော်ပါဘူး”လို့ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

ဒါ့အပြင် အာဂျင်တီးနားဂိုးသမား အီမီလိယာနိုမာတီနက်ဇ်ကလည်း သူ့နည်းပြရဲ့ပြောကြားချက်ကို ထောက်ခံတဲ့အနေနဲ့ “အင်အားတောင့်တင်းတဲ့ ကနေဒါနိုင်ငံနဲ့ရင်ဆိုင်ရတာကဖြစ်ပေမယ့် ဒီအန္တရာယ်များတဲ့ ကွင်းအခြေအနေက ကျွန်တာ်တို့ကို အခက်တွေ့စေခဲ့ပါတယ်။ ဒီကဏ္ဍမှာ ကျွန်တော်တို့ တိုးတက်ဖို့လိုပါသေးတယ်။ ဒီလိုမှမဟုတ်ရင် ကိုပါအမေရိပြိုင်ပွဲက ယူရိုပြိုင်ပွဲထက် အမြဲတမ်းနိမ့်ကျနေဦးမှာပါ” လို့ပြောကြားခဲ့ပါတယ်။

ကနေဒါ အသင်းခေါင်းဆောင် အယ်လ်ဖွန်ဆွန်ဒေဗီးစ်ကတော့ ကွင်းကိုအပြစ်မတင်ဘဲ ကမ္ဘာ့ဖလားချန်ပီယံတွေနဲ့ ရင်ဆိုင်ခဲ့ရာမှာ စွမ်းဆောင်ရည်နိမ့်ကျခဲ့တဲ့ သူ့ရဲ့အသင်းကိုပဲ အပြစ်တင်ခဲ့ပါတယ်။

ဒေဗီးစ်က “ကျွန်တော်တို့အနေနဲ့ ပွဲကိုချဉ်းကပ်တဲ့ စိတ်ဓာတ်ကို ပြောင်းလဲရပါဦးမယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ ကစားပုံကောင်းခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ဖြတ်တင်ဘောတွေကို ခွင့်ပြုခဲ့ရပါတယ်။ စိတ်ပျက်စရာကောင်းတဲ့ ရလဒ်တစ်ခုပါ။ ကျွန်တော်တို့ ဘာတွေမှားခဲ့လဲဆိုတာ ပြန်ကြည့်ပြီး အသင်းရဲ့ပုံစံကို အမြန်ဆုံးပြုပြင်သွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။