ကိုင်ဟားဗက်ဇ်ကြောင့် အာဆင်နယ်ကစားသမားဘဝ ပထမဆုံးဟက်ထရစ်ရမယ့်အခွင့်အရေးနဲ့လွဲချော်ခဲ့တဲ့ ဆာကာ
ယနေ့နံနက် မိုနာကိုကို ၃-၀ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အာဆင်နယ်တောင်ပံကစားသမား ဘူကာယိုဆာကာဟာ အသင်းဖော် ကိုင်ဟားဗက်ဇ်ကြောင့် ကစားသမားဘဝ ပထမဆုံးကြိမ်ဟက်ထရစ်ရမယ့် အခွင့်အရေးနဲ့လွဲချော်ခဲ့ပါတယ်။
ယခုပွဲစဉ်မှာ အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ပထမပိုင်း ၃၄ မိနစ်နဲ့ ဒုတိယပိုင်း ၇၈ မိနစ်တို့မှာ ၂ ဂိုးအထိသွင်းယူပြီးချိန် ပွဲကစားချိန် ၈၈ မိနစ်မှာတော့ တတိယသွင်းဂိုးကိုသွင်းယူနိုင်ဖို့ အလွန်နီးစပ်ခဲ့ပါတယ်။ သို့သော်လည်း ဆာကာရဲ့ကန်ချက်ဟာ ဂိုးပေါက်ရှေ့မှာရောက်ရှိနေတဲ့ ကိုင်ဟားဗက်ဇ်နဲ့ထိပြီး ဂိုးဝင်သွားခဲ့တာကြောင့် အင်္ဂလန်သားအနေနဲ့ ဂိုးမရဘဲ ဂိုးဖန်တီးမှုသာရရှိခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး ဆာကာက “သူက ကျွန်တော်ကန်တဲ့လမ်းကြောင်းထဲမှာ ရောက်လာခဲ့တာပါ(ရယ်လျက်)။ ဒါပေမယ့် စိတ်မပူပါနဲ့ ဟက်ထရစ်ကသွင်းနိုင်ဦးမှာပါ” လို့ပြောကြားခဲ့ပါတယ်။ ယခုပွဲစဉ်မှာ ဆာကာဟာ ၂ ဂိုးအထိသွင်းယူနိုင်ခဲ့သလို၊ ဂိုးဖန်တီးမှု ၁ ကြိမ်လည်းပြုလုပ်နိုင်ခဲ့တာကို ပွဲရဲ့ရလဒ်ကို အဆုံးအဖြတ်ပေးတဲ့ကစားသမားဖြစ်ခဲ့ပြီး ကမ္ဘာ့အဆင့်မီတောင်ပံကစားသမားဆိုတာကိုလည်း သက်သေပြသနိုင်ခဲ့ပါတယ်။
နည်းပြ အာတီတာက “ဆာကာက ရည်မှန်းချက်ကြီးမားပြီး နေ့ရက်တိုင်းမှာ ကြိုးစားပြင်ဆင်နေတဲ့ ကစားသမားတစ်ယောက်ပါ။ ဒီလိုတသမတ်တည်းရှိတဲ့ခြေစွမ်းမျိုးရှိမှပဲ အာဆင်နယ်အတွက် ဒီလိုနေရာမှာ ကာလရှည်ကစားနိုင်ပါလိမ့်မယ်။ သူ့ရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ၆ နှစ်တာအတောအတွင်းမှာ ခြေစွမ်းမကျဘဲ ဒီလိုစွမ်းဆောင်ထားနိုင်ထားတာ ချီးကျူးစရာပါ။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ တိုးတက်ဖို့ပါ။ သူ့ရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့ ကစားသမားတွေရဲ့ အရည်အသွေးအရ သူဒီထက်လည်းပိုပြီး တိုးတက်လာဦးမယ်ဆိုတာ သေချာပါတယ်” လို့ချီးကျူးပြောဆိုခဲ့ပါတယ်။
ယခုပွဲစဉ်မှာ အာတီတာဟာ အသင်းရဲ့ဘယ်နောက်ခံလူတွေဖြစ်တဲ့ ဇင်ချန်ကိုနဲ့ ကာလာဖီအိုရီတို့ ဒဏ်ရာရနေတာကြောင့် အသက်-၁၈ နှစ်အရွယ်လူငယ်ကစားသမားလေး လူးဝစ်စကယ်လီကို ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့ပါတယ်။ ခြေစွမ်းပြသနိုင်ခဲ့တဲ့ စကယ်လီက “ကျွန်တော်က ဆာကာကိုကြည့်ပြီး ကြီးပြင်းလာခဲ့တာပါ။ သူ့မှာ အရာအားလုံးရှိပါတယ်။ ခြေစွမ်းရော၊ စိတ်ဓာတ်ပိုင်းရောပါ ပြီးပြည့်စုံတဲ့သူပါ။ သူ့ဆီကနေ အများကြီးသင်ယူခဲ့ရပြီး ထပ်လည်း သင်ချင်ပါသေးတယ်” လို့ပြောကြားခဲ့ပါတယ်။
ယခုနိုင်ပွဲကြောင့် အာဆင်နယ်ဟာ ချန်ပီယံလိဂ်အမှတ်ပေးဇယားရဲ့ တတိယနေရာကို တက်လှမ်းလာနိုင်ခဲ့ပြီး ရှုံးထွက် ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်နိုင်ဖို့ အခြေအနေကောင်းသွားပါတယ်။ အုပ်စုအဆင့်နောက်ဆုံး ချန်ပီယံလိဂ်ပွဲစဉ် ၂ ပွဲမှာတော့ အာဆင်နယ်ဟာ ဒိုင်နမိုဇာဂရက်ကို အိမ်ကွင်းမှာဧည့်ခံကစားပြီး ဂျီရိုနာကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။