
ချဲလ်ဆီးနဲ့ပွဲစဉ်မှာ အသင်းရဲ့ကစားသမားတွေ ဒဏ်ရာမရခဲ့ကြောင်း အာမိုရင်အတည်ပြု
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က စနေနေ့နံနက်က ချဲလ်ဆီးကို ၁-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းရဲ့ကစားသမား တစ်ဦးတစ်ယောက်မျှ ဒဏ်ရာပြဿနာအသစ်ထပ်မံကြုံတွေ့ခဲ့ခြင်းမရှိကြောင်း အသိပေးပြောကြားလာခဲ့ပါတယ်။ လာမယ့် မေလ ၂၂ ရက်နေ့မှာ ယူနိုက်တက်ဟာ ဒီရာသီတစ်ခုလုံးရဲ့ အရေးအကြီးဆုံးပွဲစဉ်အဖြစ် ယူရိုပါလိဂ်ဗိုလ်လုပွဲကို တော့တင်ဟမ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်လို့ ပရိသတ်တွေအနေနဲ့ အသင်းရဲ့ ကစားသမားတွေ ဒဏ်ရာပြဿနာကြုံတွေ့မှာ စိုးရိမ်နေကြတာဖြစ်ပါတယ်။
ကစားသမားတွေဒဏ်ရာမရခဲ့ပေမယ့် ယူနိုက်တက်အနေနဲ့ စတန်းဖို့ဒ်ဘရစ်မှာ ရှုံးပွဲကြုံတွေ့ခဲ့ရပြီး ချဲလ်ဆီးအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို မာ့ခ်ကူကူရယ်လာက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ အာမိုရင်က “ကျွန်တော်တို့ ဗိုလ်လုပွဲမှာ ကစားသမားအားလုံးကို အသုံးပြုနိုင်မယ်လို့ထင်ပါတယ်။ ကစားသမားအားလုံး အဆင်ပြေတယ်လို့ ထင်ပါတယ်”
“အဓိက ကစားသမားတွေကို ပွဲထွက်ကစားခွင့်ပြုတာကလည်း ဗိုလ်လုပွဲမှာ ဘယ်ကစားသမားကို ပွဲထုတ်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိသာစေပါတယ်။ လုခ်ရှောနဲ့ မေဆင်မောင့်တို့ကတော့ ဒဏ်ရာကနေပြန်လာတာမကြာသေးလို့ ဂရိုစိုက်ဖို့လိုပါသေးတယ်။ အခြားကစားသမားတွေတော့ အားလုံးကောင်းပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ယခုချဲလ်ဆီးနဲ့ပွဲစဉ်မှာ ပွဲအစကတည်းက ပါဝင်ကစားခဲ့တဲ့ မေဆင်မောင့်အနေနဲ့ လာမယ့် ဗိုလ်လုပွဲမှာလည်း ပွဲထွက်ပါဝင်နိုင်ဖွယ်ရှိပါတယ်။ မောင့်နဲ့ပတ်သက်ပြီး ပေါ်တူဂီသားနည်းပြက “ကျွန်တော် မောင့်ကို အထင်ကြီးမိပါတယ်။ အသင်းရဲ့ဟန်ချက်ကို သူထိန်းပေးနိုင်ခဲ့တယ်လို့ထင်ပါတယ်။ အသင်းအတွက် အရမ်းအရေးပါတဲ့ ကစားသမားပါ။ ဒီလိုကစားသမားမျိုးကို ပြန်အသုံးပြုနိုင်ဖို့ ဝမ်းသာပါတယ်။ အသင်းက သူပါရင် ပိုပြီးဟန်ချက်ညီတယ်လို့ ခံစားရပါတယ်” လို့ပြောကြားခဲ့ပါတယ်။
မေလ ၂၂ ရက်နေ့ ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်အဖြစ် တော့တင်ဟမ်နဲ့ယှဉ်ပြိုင်ပြီးနောက်မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ရာသီပိတ်ပွဲစဉ်အဖြစ် အက်စတွန်ဗီလာနဲ့ ယှဉ်ပြိုင်သွားရပါမယ်။