ဂါနာချိုကို တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူလိုက်တဲ့ အက်စတွန်ဗီလာ
အက်စတွန်ဗီလာအသင်းက ယူနိုက်တက်ကြယ်ပွင့်ဟောင်းဂါနာချိုကို တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူလိုက်ပြီလို့ ကြေညာပါတယ်။
အက်စတွန်ဗီလာရဲ့ ချဲလ်ဆီးဆီမှ ကစားသမားငှားရမ်းမှုသဘောတူညီချက်စာချုပ်မှာ အာဂျင်တီးနားလက်ရွေးစင်လက်ရွေးစင်ကစားသမားရဲ့ပွဲထွက်ကစားနိုင်မှုအပေါ် မူတည်ပြီး အပြီးသတ်ဝယ်ယူရမယ်ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။
ဂါနာချိုက ယမန်နှစ်၊ နွေရာသီကာလအတွင်း မန်ချက်စတာယူနိုက်တက်မှ ချဲလ်ဆီးဆီ ပြောင်းရွှေ့ကြေးပေါင်သန်း ၄၀ ဖြင့် ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ ၁၂ လအကြာ ၄၃ ပွဲအထိ ကစားပြီးချိန်မှာတော့ သူ့ကို နည်းပြဇာဘီအလွန်ဆိုရဲ့အစီအစဉ်မှာ မတွေ့ရှိရတော့ဘဲ အသင်းမှ ဖယ်ရှားခံလိုက်ရပါတယ်။
ကြာသပတေးနေ့မွန်းလွဲပိုင်းမှာတော့ ဂါနာချိုကို ခေါ်ယူလိုက်ပြီလို့ အက်စတွန်ဗီလာအသင်း အတည်ပြုခဲ့သလို နည်းပြအူနိုင်းအမ်မရီကလည်း ဒီအပြောင်းအရွှေ့အတွက် စိတ်လှုပ်ရှားမိတယ်လို့ ဝန်ခံခဲ့ပါတယ်။
"ကျွန်တော်တို့ဆီ ဂါနာချိုရောက်လာလို့ တကယ်ကို ဝမ်းသာမိပါတယ်။ သူက ပါရမီရှိတဲ့ လူငယ်တစ်ဦးဖြစ်သလို ကျွန်တော်တို့ရဲ့စီမံကိန်းမှာ ပါဝင်ကူညီချင်တဲ့ ဆန္ဒရှိတာကိုလည်း ပြသခဲ့ပါတယ်။ ကျွန်တော်တို့ တကယ်ကို ပျော်ရွှင်မိပါတယ်" လို့ အမ်မရီက ဆိုပါတယ်။
ဒီအပြောင်းအရွှေ့က အက်စတွန်ဗီလာမှ ချဲလ်ဆီးကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၁၇ သန်းဖြင့် ရောက်ရှိသွားတဲ့ မော်ဂန်ရိုဂျာစ်ရဲ့လှုပ်ရှားမှုအပြီး ရက်ပိုင်းအတွင်း ထွက်ပေါ်လာပါတယ်။ ရိုဂျာစ်က ချဲလ်ဆီးမှာ ကျောနံပါတ် ၁၇ ဂျာစီကို ဝတ်ဆင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ရိုဂျာစ်က ချဲလ်ဆီးမှာ ကျောနံပါတ် ၁၇ ဂျာစီကို ရွေးချယ်သလိုပဲ ဂါနာချိုကလည်း အက်စတွန်ဗီလာမှာ အလားတူနံပါတ်ကိုပဲ ဝတ်ဆင်သွားလိမ့်မယ်လို့ သိရပါတယ်။ ဂါနာချိုက ၂၀၂၅ ခုနှစ်၊ သြဂုတ်လ မန်ချက်စတာယူနိုက်တက်မှ ထွက်ခွာလာပြီးနောက်ပိုင်း သူ့ရဲ့ကစားသမားဘ၀ကို ပြန်လည်အသက်သွင်းဖို့ အခုအပြောင်းအရွှေ့မှတဆင့် ကြိုးစားသွားပါလိမ့်မယ်။
BBC ရဲ့ဖော်ပြချက်အရ ချဲလ်ဆီးအသင်းက အပြီးသတ်ဝယ်ယူရမယ့် စည်းကမ်းချက်တွေနဲ့ပတ်သက်လို့ ပြည့်မီကျော်လွန်ဖို့ လွယ်ကူမှုကြောင့် သူတို့မူလသတ်မှတ်ထားတဲ့ စျေးနှုန်းဖြစ်တဲ့ ပေါင် ၄၃ သန်း ရရှိသွားမယ်လို့ ယုံကြည်နေတယ်လို့ သိရပါတယ်။