
ယူနိုက်တက်ရဲ့ အန္တိမရည်မှန်းချက်ဟာ ပရီးမီးယားလိဂ်ဖလားဖြစ်တယ်လို့ အာမိုရင်ဆို
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင် လက်ရှိအသင်းရဲ့ အန္တိမရည်မှန်းချက်ဟာ ပရီးမီးယားလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ဖို့ဖြစ်တယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။
ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ယူနိုက်တက်ဟာ တစ်ယောက်လျော့ဘုန်းမောက်ကို အဝေးကွင်းမှာ သရေသာကစားနိုင်ခဲ့ပေမယ့် တစ်ဖက်မှာ လီဗာပူးကတော့ တော့တင်ဟမ်ကို ၅-၁ နဲ့အနိုင်ယူပြီး ၂၀၂၄-၂၅ ဘောလုံးရာသီ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ လီဗာပူးဟာ နှစ်ပေါင်း ၃၅ နှစ်အတွင်း အမှတ်ပေးဖလားကို ၂ ကြိမ်မြောက်ရရှိခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ ယူနိုက်တက်နဲ့ အကြိမ်အရေအတွက် (၂၀ ကြိမ်) တူညီသွားခဲ့ပြီဖြစ်ပါတယ်။ ယူနိုက်တက်ကတော့ အသင်းရဲ့နောက်ဆုံးအမှတ်ပေးဖလားကို လွန်ခဲ့တဲ့ ၁၂ နှစ် ဂန္ထဝင်နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်လက်ထက်မှာ ရရှိထားခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ယူနိုက်တက်ဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာမှာရပ်တည်နေပေမယ့် အာမိုရင်ကလည်း လာမယ့် ၂၀၂၈ ခုနှစ်မှာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ ရည်ရွယ်ထားကြောင်း အသိပေးပြောကြားလာခဲ့ပါတယ်။ ပေါ်တူဂီသားနည်းပြက "ပထမဆုံးအရေးကြီးတဲ့အချက်က ကျွန်တော်တို့ ကိုယ့်အသင်းပေါ်ပဲအာရုံစိုက်ရပါမယ်။ အခြားအသင်းတွေကို အာရုံစိုက်စရာမလိုပါဘူး။ နောက်ထပ်အရေးကြီးတာကတော့ ရိုးသားဖို့ပါ။ လောလောဆယ်မှာအသင်းက နိမ့်ကျတဲ့အဆင့်ကိုရောက်နေပါတယ်။ ဒါပေမယ့် အရာရာတိုင်းက ပြောင်းလဲနိုင်ပါတယ်"
"ကျွန်တော်တို့ တစ်လှမ်းချင်းလှမ်းနိုင်ဖို့ အာရုံစိုက်ရပါမယ်။ အဝေးကြီးတွေ စဉ်းစားနေလို့မရသေးပါဘူး။ ကျွန်တော်တို့ရဲ့ အန္တိမရည်မှန်းချက်က ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ဖို့ပါ။ ကျွန်တော်မရူးပါဘူး။ ဒါက နောက်နှစ်မှာ မဖြစ်နိုင်သေးဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် သေးငယ်တဲ့အစိတ်အပိုင်းလေးတွေ တစ်ခုချင်းတည်ဆောက်ပြီး ရည်မှန်းချက်ဆီအရောက်သွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ဘုန်းမောက်ကို သရေကျခဲ့တဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့လည်း အာမိုရင်က "ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်။ ပွဲအစမှာ ပြိုင်ဘက် ဖိအားပေးကစားခဲ့လို့ ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်မှု ဆုံးရှုံးခဲ့ပြီး ဂိုးပေးခဲ့ရပါတယ်။ ကျွန်တော်တို့ပွဲစဉ်တွေကိုကြည့်မယ်ဆိုရင် ဂိုးပေးရတာအများစုက ကျွန်တော်တို့အမှားကြောင့်ပါပဲ။ ဂိုးတွေခွင့်ပြုလိုက်ရရင် ဘာမဆို ခက်ခဲသွားပါတယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့မှာ တိုးတက်မှုတွေမြင်တွေ့ခဲ့ရပါတယ်။ အခွင့်အရေးတွေဖန်းတီးနိုင်ခဲ့ပြီး ဂိုးသွင်းနိုင်ခဲ့ပေမယ့် ရမှတ် ၂ မှတ် အလကားဆုံးရှုံးသလို ခံစားခဲ့ရပါတယ်" လို့ပြောကြားခဲ့ပါတယ်။