
အခုနွေရာသီအပြောင်းအရွှေ့အတွင်း အဆိုးဝါးဆုံး ခေါ်ယူမှုအဖြစ် မဲပေးရွေးချယ်ခံရတဲ့ ကိုင်ဟားဗက်ဇ်
ကိုင်ဟားဗက်ဇ်ရဲ့ အာဆင်နယ်ဆီ ပြောင်းရွှေ့မှုဟာ အခုနွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်း အဆိုးဝါးဆုံးကစားသမားသစ် ခေါ်ယူမှုအဖြစ် မဲပေးရွေးချယ်ခံခဲ့ရပါတယ်။
အလွန်အလုပ်များပြားခဲ့တဲ့ အပြောင်းအရွှေ့ကာလအတွင်း ကလပ်အသင်းတွေက ၂၀၂၃-၂၀၂၄ ဘောလုံးရာသီသစ်မတိုင်ခင် အသင်းလူစာရင်းပိုင်းကို တိုးတက်စေဖို့ ကြိုးစားပြင်ဆင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီကလန်ရိုက်စ်၊ ကိုင်စီဒိုတို့ရဲ့ အပြောင်းအရွှေ့တွေမှာ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးပမာဏ ထွက်ပေါ်လာခဲ့ပါတယ်။
တဖက်မှာလည်း ဆော်ဒီပရိုလိဂ်ကလပ်တွေက ဥရောပနာမည်ကြီး ကစားသမားအချို့ကို အရှေ့အလယ်ပိုင်းဒေသဆီ ခေါ်ယူဖို့ ငွေကြေးဓနအင်အားကြီးကြီးမားမားဖြင့် ကြိုးပမ်းလာခဲ့ရာ အခုနွေရာသီအပြောင်းအရွှေ့လှုပ်ရှားမှုတွေက အကြိတ်အနယ်ဖြစ်ခဲ့ပါတယ်။
လက်ရှိမှာ အပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းသွားမှုနဲ့အတူ ကိုင်ဟားဗက်ဇ်ရဲ့ အာဆင်နယ်ဆီ ပေါင် ၆၅ သန်းတန် အပြောင်းအရွှေ့ဟာ အဆိုးဝါးဆုံး ကစားသမားခေါ်ယူမှုအဖြစ် မဲပေးရွေးချယ်ခံရပြီး တော့တင်ဟမ်ရဲ့ မက်ဒီဆင်ကို ကစားသမားသစ်အဖြစ် စုဆောင်းနိုင်မှုက အကောင်းဆုံးခေါ်ယူမှုအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
The Athletic သတင်းဌာနမှ ဦးဆောင်ပြုလုပ်တဲ့ စစ်တမ်းမှာ အခုနွေရာသီအပြောင်းအရွှေ့ဈေးကွက် အတွင်း ပါဝင်လှုပ်ရှားခဲ့တဲ့ အေးဂျင့်အများစုကို အကောင်းဆုံး ကစားသမားခေါ်ယူမှုနဲ့ အဆိုးဝါးဆုံး ကစားသမားခေါ်ယူမှုတို့အတွက် မဲပေးရွေးချယ်ပေးဖို့ ပန်ကြားခဲ့ပါတယ်။ မဲပေးမှုမှာ ကိုးမဲရခဲ့တဲ့ မက်ဒီဆင်ရဲ့တော့တင်ဟမ်ဆီပြောင်းရွှေ့မှုက အခုနွေရာသီအပြောင်းအရွှေ့အတွက် အကောင်းဆုံး ကစားသမားသစ် ခေါ်ယူမှုအဖြစ် အပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။
ဒီကလန်ရိုက်စ်ရဲ့ အာဆင်နယ်ဆီပူးပေါင်းမှုက သုံးမဲဖြင့် ဒုတိယနေရာ၊ ဘယ်လင်ဟမ်နဲ့ ဟယ်ရီကိန်းတို့ရဲ့ အပြောင်းအရွှေ့တွေက ပူးတွဲတတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။ ဒါပေမယ့် အဆိုးဝါးဆုံးကစားသမား ခေါ်ယူမှုမှာတော့ ကိုင်ဟားဗက်ဇ်က ခြောက်မဲအထိ ရရှိခဲ့ပြီး ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ကိုင်စီဒိုက ငါးမဲဖြင့် ဒုတိယနေရာမှာ ကပ်လိုက်ခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်နဲ့ မေဆင်မောင့်တို့ရဲ့ ပူးပေါင်းမှုက သုံးမဲဖြင့် တတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။ လက်တွေ့မှာလည်း ကိုင်ဟားဗက်ဇ်ရဲ့ အာဆင်နယ်ကစားသမားဘ၀ စတင်မှုက ခက်ခဲကြမ်းတမ်းခဲ့ပြီး အခုဘောလုံးရာသီ၊ လက်ရှိအချိန်အထိ မြောက်လန်ဒန်ကလပ်အတွက် ဂျာမန်လက်ရွေးစင်ရဲ့ ဂိုးပါဝင်ပတ်သက်မှုအချက်အလက် လုံးဝမရှိသေးပါဘူး။