The network connection is lost.

Banner Image

ရက်ကလစ်ဖ်နဲ့ ဘာတွေဆွေးနွေးခဲ့သလဲ ထုတ်ဖော်ပြောကြားလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ကြာသပတေးနေ့က အသင်းရဲ့လေ့ကျင့်ရေးကွင်း ကာရင်တန်မှာ ကလပ်ရဲ့တွဲဖက်ပိုင်ရှင် ဆာဂျင်မ်ရက်ကလစ်ဖ်နဲ့ ဘာတွေဆွေးနွေး‌ခဲ့ကြသလဲဆိုတာ အမှန်အတိုင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ရက်ကလစစ်ဖ်ဟာ ကိုယ်ပိုင်ရဟတ်ယာဉ်နဲ့ ကာရင်တန်ကိုရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိ ၂၀၂၅-၂၆ ရာသီအတွင်း ယူနိုက်တက်ရဲ့ အခြေအနေဆိုးဝါးမှုတွေနဲ့ပတ်သက်ပြီး အာမိုရင်နဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ အာမိုရင်ဟာ ပြီးခဲ့တဲ့နိုဝင်ဘာလကမှ ယူနိုက်တက်ကိုစတင်ကိုင်တွယ်ခဲ့တာဖြစ်ပေမယ့် ဝေဖန်မှုတွေနဲ့ တောက်လျှောက်ကြုံတွေ့နေရပြီး ရာထူးကနေ ထုတ်ပယ်ခံရတော့မယ်လို့ပါ သတင်းတွေက ဖော်ပြထားတာဖြစ်ပါတယ်။

ယခုနွေရာသီအတွင်း ယူနိုက်တက်ဟာ အာမိုရင်ရဲ့ဦးဆောင်မှုနဲ့အတူ ပေါင်သန်း ၂၀၀ ကျော်အထိသုံးစွဲပြီး အသင်းကိုလူအင်အားဖြည့်တင်းခဲ့ပေမယ့် တည်ငြိမ်တဲ့ပုံစံကို ထိန်းသိမ်းနိုင်ခြင်းမရှိသလို ရလဒ်တွေကလည်း အတော်လေးကျဆင်းနေတာဖြစ်ပါတယ်။ ယခုရာသီမှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲသာအနိုင်ရထားပြီး အဆိုပါပွဲစဉ်ကလည်း ပွဲပြီးကာနီးမှာရရှိခဲ့တဲ့ ပင်နယ်တီနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက အာမိုရင်ရဲ့ဦးဆောင်မှုနဲ့အတူ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၁၅ နေရာနဲ့ ပိတ်သိမ်းခဲ့ရတဲ့ ယူနိုက်တက်ဟာ လက်ရှိရာသီမှာလည်း ကာရာ‌ဘောင်ဖလားပြိုင်ပွဲကနေ စောစောစီးစီးထွက်ခွာထားရသလို အဆင့် ၁၄ နေရာမှာ ၁ ပွဲနိုင် ၁ ပွဲသရေ ၂ ပွဲရှုံးရလဒ်နဲ့ ရပ်တည်နေရပါတယ်။ 

ယခုအခါမှာတော့ အာမိုရင်က "သူနဲ့ဆွေးနွေးခဲ့တာ သာမန်အကြောင်းအရာတွေပါပဲ။ ကျွန်တော့်ဘက်မှာ သူရှိနေတယ်ဆိုတာကိုလည်း အသိပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီကတည်းက ပြောနေခဲ့တဲ့ အသင်းရဲ့ ရေရှည်ပရောဂျက်အကြောင်း ထပ်ပြောခဲ့ပါတယ်။ ပြီးတော့ အိုမာဘရာဒါနဲ့ ဂျေဆန်ဝယ်လ်ကော့ဇ်တို့ကလည်း အသင်းရဲ့ပတ်ဝန်းကျင် အချက်အလက်တွေကို စုဆောင်းခဲ့ကြပါတယ်။ ဒီတော့ အခုလိုဆွေးနွေးမှုက သာမန်ပါပဲ။ လူတွေ ဒီကိစ္စကို အာရုံစိုက်နေကြတာကလည်း သာမန်ပါပဲ" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး ယူနိုက်တက်ရဲ့အခြေအ‌နေကိုမေးမြန်းခဲ့ရာ အာမိုရင်က "ဒီအသင်းက ကမ္ဘာပေါ်မှာ ဖိအားအများဆုံး အသင်းဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ အနိုင်ရချင်ပါတယ်။ အသင်းက အခွင့်အ‌ရေးတွေရနေပေမယ့် အဆုံးသတ်ပိုင်း လိုအပ်ချက်တွေရှိနေပါသေးတယ်။ ကျွန်တော်တို့ တိုးတက်နေပါတယ်။ ပြီးခဲ့တဲ့နှစ်ကထက် ပိုကောင်းတဲ့အခြေအနေမှာရှိပါတယ်" လို့ဖြေကြားခဲ့ပါတယ်။