The network connection is lost.

Banner Image

ဘာစီလိုနာမှာ ခြေစွမ်းပြနေတဲ့ရက်ရှ်ဖို့ဒ်အတွက် ဝမ်းသာမိကြောင်းပြောကြားလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းမှအငှားစာချုပ်နဲ့ ထွက်ခွာပြီး ဘာစီလိုနာမှာ ခြေစွမ်းပြနေတဲ့ တောင်ပံကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်အတွက် ဝမ်းသာမိကြောင်း ပြောကြားလာခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ကြာသပတေးနေ့က နယူးကာဆယ်ကို ၁-၂ နဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘာစီလိုနာအတွက် သွင်းဂိုး ၂ ဂိုးစလုံးကို သွင်းယူပေးခဲ့ပြီး ကတ်တလန်မြေမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိနေပြီဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ နာပိုလီသို့ အငှားစာချုပ်နဲ့ပြောင်းရွှေ့သွားခဲ့တဲ့ တိုက်စစ်မှူး ရက်စ်မွတ်စ်ဟွိုက်လန်းကလည်း အသင်းသစ်အတွက် အဖွင့်ပွဲမှာပဲ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ကစားသမား ၂ ယောက်နဲ့ပတ်သက်ပြီး အာမိုရင်က "ဟွိုက်လန်းက နာပိုလီအတွက် ဂိုးသွင်းထားနိုင်သလို၊ ရက်ရှ်ဖို့ဒ်ကလည်း ဘာစီလိုနာအတွက်ဂိုးတွေသွင်းပေးနေပါတယ်။ သူတို့နှစ်ယောက်စလုံးအတွက် ဝမ်းသာကြောင်းပြောချင်ပါတယ်။ သူတို့နှစ်ယောက်အပေါ် ကျွန်တော့်ရဲ့သဘောထားကမပြောင်းလဲပါဘူး။ အခုလိုဂိုးတွေသွင်းနေကြတာကိုလည်း သတိထားမိပါတယ်" လို့ပြောကြားခဲ့ပါတယ်။

စနေနေ့မှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ချဲလ်ဆီးနဲ့ရင်ဆိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်မှာ ကလပ်ကြယ်ပွင့်ဟောင်း အလီဂျန်ဒရိုဂါနာချိုကို ပြိုင်ဘက်အဖြစ် ပြန်လည်တွေ့ဆုံသွားရမှာဖြစ်ပါတယ်။ ဂါနာချိုနဲ့ပတ်သက်ပြီးတော့လည်း အာမိုရင်က "ကျွန်တော်ကတော့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး စိတ်ပူနေတာမျိုးမရှိပါဘူး။ ဒီပွဲနိုင်ဖို့ပဲ အာရုံစိုက်ထားပါတယ်။ ဘယ်ကစားသမားက ဘယ်အသင်းအတွက်ပဲ ကစားကစား ကျွန်တော် ဂရုမစိုက်ပါဘူး။ သူတို့ ကောင်းကောင်းကစားနိုင်ဖို့နဲ့ အသင်းသစ်မှာ အ‌ဆင်ပြေဖို့ပဲလိုပါတယ်။ ကျွန်တော့်ရဲ့တာဝန်က ကိုယ့်အသင်းပေါ်မှာပဲ ရှိနေရမှာဖြစ်ပြီး ကျွန်တော့်ကစားသမားတွေ ခြေစွမ်းမပြနိုင်မှ စိတ်ပူရမှာပါ" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။။