The network connection is lost.

Banner Image

အားကစားဒါရိုက်တာ ဒန်အက်ရှ်ဝေါ့သ်ရဲ့ထွက်ခွာမှုနဲ့ပတ်သက်ပြီး တုံ့ပြန်ပြောဆိုမှုတွေပြုလုပ်လာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းကနေ ရုတ်တရက်ထွက်ခွာသွားခဲ့တဲ့ အားကစားဒါရိုက်တာ ဒန်အက်ရှ်ဝေါ့သ်နဲ့ပတ်သက်ပြီ တုံ့ပြန်ပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။ 

အက်ရှ်ဝေါ့သ်ဟာ ပြီးခဲ့တဲ့စနေနေ့က နော်တင်ဟမ်ဖောရက်စ်ကို ၂-၃ နဲ့ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ အိုးလ်ထရက်ဖို့ဒ်သို့ လာရောက်ကြည့်ရှုခဲ့သေးပေမယ့် ပွဲအပြီးမှာတော့ အသင်းရဲ့အမှုဆောင်ချုပ် အိုမာဘာရာဒါနဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီး အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် အက်ရှ်ဝေါ့သ်ဟာ အဆိုပါပွဲစဉ်ရဲ့ ပွဲပြီးသတင်းစာရှင်းလင်းပွဲကိုလည်း တက်ရောက်ခဲ့ခြင်းမရှိဘဲ ဘာရာဒါရဲ့ ရုံးခန်းကိုသာ သွားရောက်ခဲ့တာဖြစ်ပါတယ်။ 

တနင်္ဂနွေနေ့မနက်မှာတော့ ယူနိုက်တက်က အသက်-၅၃ နှစ်အရွယ် အက်ရှ်ဝေါ့သ်တစ်ယောက် ရာထူးကနေနုတ်ထွက်ပြီး အသင်းမှထွက်ခွာသွားပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ ယခုအခါမှာတော့ ဗစ်တိုးရီးယားပယ်ဇင်နဲ့ယှဉ်ပြိုင်သွားရမယ့် ယူရိုပါလိဂ်ပွဲစဉ်မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ နည်းပြ အာမိုရင်က အက်ရှ်ဝေါ့သ်ရဲ့ထွက်ခွာမှုနဲ့ပတ်သက်ပြီး တုံ့ပြန်ပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ 

ပေါ်တူဂီသားက “ကျွန်တော်ပထမဆုံးပြောချင်တာကတော့ ကျွန်တော်ဒီအသင်းကို စရောက်ကတည်းက အသင်းပိုင်ရှင်၊ အမှုဆောင်ချုပ်ဘာရာဒါ၊ နည်းစနစ်ဒါရိုက်တာ ဂျေဆန်ဝယ်ကော့ဇ်နဲ့ ဒန်အက်ရှ်ဝေါ့သ်တို့ဆီကနေ အားပေးထောက်ခံမှုတွေ အပြည့်အဝရခဲ့ပါတယ်။ အထူးသဖြင့် ဒန်က ကျွန်တော့်ကို လှိုက်လှိုက်လှဲလှဲနဲ့ကို ကြိုဆိုခဲ့ပါတယ်”

“ဒါပေမယ့် ဘောလုံးလောကမှာ ဒီလိုအဖြစ်အပျက်တွေက ဖြစ်နေကြပါ။ တစ်ခါတလေမှာ ကစားသမားတွေရုတ်တရက်ထွက်ခွာမယ်။ တစ်ခါတလေမှာတော့ နည်းပြနဲ့ အခြားလူတွေပေါ့။ ဒါပေမယ့် အရေးကြီးဆုံအချက်ကတော့ ကျွန်တော်တို့ ကိုယ့်လမ်းကြောင်းပေါ်မှာ ကိုယ်ဆက်သွားနေဖို့ပါပဲ။ ဘောလုံးမှာ ဒါမျိုးက ဖြစ်တတ်ပါတယ်”

“ဒီလိုထွက်ခွာသွားတာက မကောင်းတဲ့အခြေအနေတစ်ခုဖြစ်ပေမယ့် သူကလည်း လူတစ်ယောက်၊ ပရော်ဖက်ရှင်နယ်တစ်ယောက်ပါပဲ။ အရေးကြီးဆုံးက ကျွန်တော်တို့အားလုံး စည်းစည်းလုံးလုံးရှိပြီး ဦးတည်ချက်တစ်ခုတည်းကို ရည်ရွယ်ထားကြဖို့ပါ။ လူတစ်ယောက်ထွက်သွားရုံနဲ့ ပြောင်းလဲမှုကြီးကြီးမားမားဖြစ်မှာမဟုတ်ပါဘူး” လို့ပြောကြားခဲ့ပါ့တယ်။ 

အက်ရှ်ဝေါ့သ်ဟာ ယခုနှစ်အစောပိုင်းမှာ နယူးကာဆယ်မှ ယူနိုက်တက်သို့ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ၁ နှစ်မပြည့်ခင်မှာပဲ ပြန်လည်ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ အခုလို အက်ရှ်ဝေါ့သ်ရဲ့ထွက်ခွာမှုက အသင်းရဲ့ တွဲဖက်ပိုင်ရှင် ဆာဂျင်မ်ရက်ကလစ်နဲ့ သဘောထားမတိုက်ဆိုင်မှုတွေကြောင့် ဖြစ်တယ်လို့လည်း ယူနိုက်တက်အတွင်းသတင်းတွေအရ သိရှိရပါတယ်။