The network connection is lost.

Banner Image

အသင်းမှကစားသမားတွေရောင်းချဖို့လိုအပ်နေကြောင်း ပြောကြားလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းအနေနဲ့ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမားသစ်တွေဝယ်ယူဖို့အတွက် အသင်းမှ ကစားသမားတွေကို အရင်ဆုံးရောင်းချနိုင်ဖို့ လိုအပ်နေကြောင်း ပြောကြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ယူနိုက်တက်ဟာ အသင်းရဲ့တောင်ပံကစားသမား အလီဂျန်ဒရိုဂါနာချိုကို ရောင်းချဖို့နီးစပ်ခဲ့ပေမယ့် ကစားသမားဟာ အိုးလ်ထရက်ဖို့ဒ်မှာပဲ ဆက်လက်ကျန်ရှိခဲ့တာဖြစ်ပါတယ်။ ဂါနာချိုကို အီတလီထိပ်သီးကလပ် နာပိုလီနဲ့ ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးတို့က ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ကြပါတယ်။ 

တစ်ချိန်တည်းမှာပဲ ချဲလ်ဆီးဟာ ဂါနာချိုကိုသာမက ကွင်းလယ်လူ ကိုဘီမိုင်နူးကိုပါ ခေါ်ယူဖို့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သတင်းတွေအရ ယူနိုက်တက်ဟာ အသက်-၁၉ နှစ်အရွယ်ကစားသမားအတွက် ပေါင်သန်း ၈၀ အထိအလိုရှိနေတယ်လို့သိရပါတယ်။ 

ကစားသမားအဝင်အနေနဲ့တော့ ယူနိုက်တက်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ လက်ချီနောက်ခံလူ ပက်ထရစ်ဒေါ်ဂူကို ပေါင် ၂၉ ဒဿမ ၂ သန်းနဲ့ခေါ်ယူနိုင်ခဲ့ပါတယ်။သို့သော်လည်း အာမိုရင်က အသင်းအနေနဲ့ နောက်ထပ်ကစားသမားသစ်တွေထပ်မံခေါ်ယူဖို့ဆိုရင် အသင်းမှ ကစားသမားအချို့ကို ရောင်းထုတ်သွားရမယ်လို့ ပြောကြားလာခဲ့ပါတယ်။ 

ပေါ်တူဂီသားနည်းပြက “ရိုးရှင်းပါတယ်။ ကစားသမားသစ်တွေခေါ်ယူဖို့ဆို အသင်းရဲ့ကစားသမားတွေကို အရင်ဆုံးရောင်းချနိုင်ဖို့လိုပါတယ်။ လောလောဆယ်မှာတော့ ကျွန်တော်တို့ ကစားသမားသစ်တွေမခေါ်နိုင်သေးပါဘူး။ ဈေးကွက်ကပိတ်သွားပြီလေ။ ဒါကြောင့် ပွဲတွေအပေါ်မှာပဲ အာရုံစိုက်ထားရပါမယ်။ ပြီးမှ နွေရာသီဈေးကွက်အတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်သွားပါမယ်” လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး အာမိုရင်က “ကျွန်တော်တို့ရဲ့လက်ရှိအကြီးမားဆုံး ပြဿနာက တော့တင်ဟမ်ပါ။ တော့တင်ဟမ်ရဲ့လက်ရှိအခြေအနေကို ကျွန်တော်တို့သိပါတယ်။ အသင်းမှာလည်းပြဿနာရှိနေပါတယ်။ ဒါပေမယ့် အခုပြဿနာက အသစ်တော့မဟုတ်ပါဘူး။ ဘဏ္ဍာရေးစည်းမျဉ်းတွေကိုလည်း ကောင်းကောင်းနားလည်ထားလို့ အသင်းကို ပြင်ဆင်မှုတွေပြုလုပ်သွားရပါဦးမယ်” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေတဲ့ ယူနိုက်တက်ဟာ တနင်္ဂနွေနေ့မှာ တော့တင်ဟမ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။