
ယူနိုက်တက်ရဲ့အခြေအနေဆိုးဝါးမှုတွေနဲ့ပတ်သက်ပြီး အာမိုရင်နဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တဲ့ ရက်ကလစ်ဖ်
မန်ချက်စတာယူနိုက်တက် တွဲဖက်ပိုင်ရှင် ဆာဂျင်မ်ရက်ကလစ်ဖ်ဟာ အသင်းရဲ့ယခုရာသီအခြေအနေဆိုးဝါးမှုတွေနဲ့ပတ်သက်ပြီး ကြာသပတေးနေ့မှာ နည်းပြရူဘင်အာမိုရင်နဲ့ ထိပ်တိုက်တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
The Athletic သတင်းဌနာရဲ့ဖော်ပြချက်အရ ရက်ကလစ်ဖ်ဟာ ယူနိုက်တက်ရဲ့လေ့ကျင့်ရေးကွင်း ကာရင်တန်သို့ ကိုယ်ပိုင်ရဟတ်ယာဉ်နဲ့ ရောက်ရှိလာခဲ့ပြီး အသင်းရဲ့အနာဂတ်အတွက် ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ ရက်ကလစ်ဖ်အနေနဲ့ လက်ရှိရာသီ ယူနိုက်တက်ရဲ့အခြေအနေဆိုးဝါးနေမှုအပေါ် စိတ်ပျက်နေပြီး ယခုဆွေးနွေးပွဲကိုလည်း ကြိုတင်ပြင်ဆင်ထားခဲ့တာဖြစ်ပါတယ်။
လက်ရှိရာသီမှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲကစားပြီး နိုင်ပွဲ ၁ ပွဲသာရရှိထားကာ ကာရာဘောင်ဖလားပြိုင်ပွဲမှာလည်း စတုတ္ထတန်းကလပ် ဂရင်းစ်ဘီတောင်းကိုအရေးနိမ့်ပြီး ပြိုင်ပွဲကနေ စောစောစီးစီးထွက်ခွာထားခဲ့ရပါတယ်။ ယူနိုက်တက်အနေနဲ့ ရလဒ်ပိုင်းဆိုးဝါးနေရုံသာမက ကစားသမားတွေကလည်း အာမိုရင်ရဲ့ ၃-၄-၃ ကစားကွက်မှာ အံဝင်ခွင်ကျဖြစ်ဖို့ အတော်လေးရုန်းကန်နေရတာဖြစ်ပါတယ်။
သို့သော်လည်း မန်စီးတီးကို ၃ ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ အာမိုရင်က အသင်းက နိုင်ပွဲမရပေမယ့် သူကတော့ နည်းဗျူဟာတွေကို ပြောင်းလဲသွားမှာမဟုတ်ကြောင်း အခိုင်အမာပြောကြားထားပါတယ်။ အာမိုရင်ရဲ့ ၃-၄-၃ နည်းဗျူဟာနဲ့ပတ်သက်ပြီး ယူနိုက်တက်ကစားသမားတွေအနေနဲ့လည်း စိတ်ပျက်နေကြပြီး အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကိုယ်တိုင် အဆိုပါကစားကွက်အပေါ်မှာ အယုံအကြည်မရှိတော့ဘူးလို့ သတင်းတွေထွက်ပေါ်ထားပါတယ်။
လာမယ့်စနေနေ့မှာတော့ ယူနိုက်တက်ဟာ အစဉ်အလာပြိုင်ဘက် ချဲလ်ဆီးကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး အာမိုရင်အနေနဲ့ ဒီရာသီ ဒုတိမြောက်နိုင်ပွဲကို အိမ်ကွင်းမှာ ဖော်ဆောင်သွားနိုင်မလား ဒါမှမဟုတ် ရှုံးပွဲပဲဆက်သွားမလား စောင့်ကြည့်ရပါမယ်။ ယခုပွဲစဉ်မှာသာ ရှုံးနိမ့်ခဲ့ပါက အာမိုရင်ရဲ့ယူနိုက်တက်နည်းပြရာထူးဟာ အတော်လေးသံသယဝင်စရာဖြစ်လာဖို့ရှိနေပါတယ်။