မန်ချက်စတာဒါဘီပွဲမတိုင်ခင် လူစာရင်းပေါက်ကြားခဲ့တာနဲ့ပတ်သက်ပြီး အာမိုရင် ထုတ်ဖော်ပြောကြား
ယူနိုက်တက်နည်းပြ အာမိုရင်က မန်ချက်စတာဒါဘီပွဲမတိုင်ခင် ၁၇ နာရီအလိုမှာ လူစာရင်းပေါက်ကြားခဲ့တာနဲ့ပတ်သက်ပြီး မိမိတို့အသင်းမှာ ရွေးချယ်စရာနည်းပါးခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အာဆင်နယ် နဲ့ နော်တင်ဟမ်တို့ကို ၂ ပွဲဆက်အရေးနိမ့်ခဲ့ပြီးနောက် အာမိုရင်ရဲ့ယူနိုက်တက်ဟာ မန်ချက်စတာဒါဘီမှာ အံ့အားသင့်ဖွယ်စီးတီးကို ၂-၁ နဲ့အနိုင်ရရှိခဲ့ပါတယ်။
ပထမပိုင်းမှာ စီးတီးဟာ ဂါဗာဒီအိုရဲ့ခေါင်းတိုက်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ယူနိုက်တက်ပြန်လည်ဖိအားပေးလာတာကနေ ဖာနန်ဒက်စ်က ပင်နယ်တီကနေ ချေပဂိုးသွင်းယူနိုင်ခဲ့ပြီး အာမက်က အနိုင်သေချာစေမယ့်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ပါတယ်။ ပွဲတွေမတိုင်ခင် ယူနိုက်တက်ဟာ ဒီရာသီလူစာရင်းပေါက်ကြားလေ့ရှိတာဖြစ်ပြီး မန်စီးတီးနဲ့ပွဲမှာလည်း အခုလိုမျိုးထပ်မံဖြစ်ခဲ့တာဖြစ်ပါတယ်။
အီတီဟက်ကိုမသွားခင် ၁၇ နာရီအလိုမှာတင် ယူနိုက်တက်လူစာရင်းပေါက်ကြားလာခဲ့ပြီး ဆမ်မြူရယ်က တွစ်တာမှာတင်ခဲ့ကာ တကယ်တမ်းပွဲထုတ်လာချိန်မှာလည်း အဆိုပါလူစာရင်းအတိုင်းထွက်လာခဲ့တာဖြစ်ပါတယ်။ အာမိုရင်က အသင်းလူစာရင်းပေါက်ကြားမှုနဲ့ပတ်သက်ပြီး အခုလိုမျိုးပြောကြားခဲ့ပါတယ်။
“ကျွန်တော် အဲ့တာကိုသိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ အဲ့လူစာရင်းကိုအပြောင်းအလဲလုပ်နိုင်မယ့်အနေအထားမရှိပါဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျားမှာလူတွေအများကြီးရှိနေမယ်ဆိုရင် ကစားသမားတွေက အေးဂျင့်ကိုပြောမယ်။ ပြီးတော့ သူငယ်ချင်းတွေကိုလည်း ပြောနိုင်ပါတယ်။ အဲ့တာက သိနိုင်ဖို့ ခက်ခဲပါတယ်။ ကောင်းတဲ့အရာတော့မဟုတ်ပေမယ့် ကျွန်တော်တို့ ဆက်သွားရပါမယ်။ လာမယ့်ပွဲလူစာရင်းအတွက်တော့ အဖြေရှာရပါမယ်”လို့ အာမိုရင်က သတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ အဆိုပါဖြစ်ရပ်အတွက် အဖြေရှာဖွေနေပြီး သတင်းတွေကတော့ အချို့ကစားသမားတွေဟာ အချက်အလက်တွေကို လူမှုမီဒီယာပေါ်မှာ တင်နေကြတယ်လို့ စွပ်စွဲနေကြပါတယ်။ ယူနိုက်တက်ဟာ လာမယ့်ကြာသပတေးနေ့မှာ ကာရာဘောင်ကွာတားဖိုင်နယ်ပွဲအဖြစ် တော့တင်ဟမ်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အခုလိုနောက်တစ်ကြိမ်ထပ်ဖြစ်လာဦးမလားဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။